ထိုင်းရထားရေအိမ်ထဲ ဆွဲကြိုးချသေနေသည့် နိုင်ငံခြားသူ အမျိုးသမီးအလောင်း တွေ့ရှိ

February 24, 2017

ထိုင်းရထားရေအိမ်ထဲ ဆွဲကြိုးချသေနေသည့် နိုင်ငံခြားသူ အမျိုးသမီးအလောင်း တွေ့ရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ လန်းဖမ်းမြို့ကြား ပြေးဆွဲနေတဲ့ ရထားတစင်းရဲ့ ရေအိမ်ထဲမှာ ဆွဲကြိုးချသေဆုံးနေတဲ့ နိုင်ငံခြားသူ အမျိုးသမီးတဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ ရထားဟာ ဟွာလန်ဖမ်းဘူတာရုံအရောက်မှာ အဲဒီရေအိမ်တံခါးဟာ အတွင်းထဲက သော့ချလျက်သား ဖြစ်နေတဲ့အတွက် သန့်ရှင်းရေးဝန်ထမ်းတွေက အပြင်ကနေ သော့ဖွင့်ဝင်ရောက်ခဲ့ချိန်မှာ အလောင်းကို တွေ့ရှိခဲ့ရတာပါ။ အဲဒီအမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ်လောက်ရှိပြီး ရေအိမ်တံခါးရဲ့ နောက်ဘက်မှာ ကြိုးဆွဲချလျက်သား သေဆုံးနေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေ လာရောက်စစ်ဆေးခဲ့ချိန် အမျိုးသမီးမှာ ပုံမှန် အဝတ်အစားဝတ်လျက်သားရှိပြီး အနီးမှာ အလှပြင်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်တလုံး တွေ့ရှိခဲ့ကြတာပါ။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာ လတ်လတ်ဆတ်ဆတ် အပ်ပေါက်ရာ အမှတ်တွေနဲ့ ညာဘက်လက်ကောက်ဝတ်မှာ စုတ်ပြဲဒဏ်ရာတွေ တွေ့ရှိခဲ့ပြီး ပိုက်ဆံအိတ်ထဲမှာတော့ ၁ ဒေါ်လာတန် အမေရိကန်ငွေစက္ကူတရွက်ကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီရထားဟာ လန်းဖမ်းကနေ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၀ နာရီမှာ ထွက်ခွာပြီး ဘန်ကောက်ကို နောက်တနေ့မနက် ၅း၂၀ နာရီမှာ ဆိုက်ရောက်မယ့် ရထားခရီးစဉ်တခု ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ပေါ်မှာလည်း မှတ်ပုံတင်အထောက်အထား တစုံတရာ မတွေ့ရှိခဲ့ရပါဘူး။ လက်ရှိမှာတော့ အဲဒီအမျိုးသမီးကို ဆေးရုံပို့ဆောင်ထားခဲ့ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ ရဲတွေဟာ ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားတွေရှိမရှိ သတင်းထုတ်ပြန်ချက်တွေနဲ့ စစ်ဆေးစုံစမ်းနေကြပြီး ဒီအမျိုးသမီး လက်မှတ်ဝယ်ယူခဲ့ချိန် စီစီတီဗွီကင်မရာမှတဆင့် မှတ်တမ်းတွေကိုလည်း စစ်ဆေးနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ရဲတွေကတော့ အဲဒီအမျိုးသမီးဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
4 years Ago
Up