ထိုင်းမိန်းကလေး

May 31, 2018

အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုကြောင့် ထိုင်းမိန်းကလေး ၁ ဦး သေဆုံး

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း ကျန်ထပူရီမြို့မှာ ထိုင်းမိန်းမပျိုတဦး နိုက်ကလပ်မှာ အမျိုးသား ၄ ဦးရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုကိုခံရပြီး သေဆုံးသွားပါတယ်။ အသက် ၂၁ နှစ်ရွယ်ရှိ ကိဖ်ဆိုသူ မိန်းကလေးဟာ မေလ ၂၆ ရက်နေ့ညက ကျန်ထပူရီမြို့ တလတ်ရပ်ကွက်ထဲရှိ နိုက်ကလပ်ဆိုင်တဆိုင်မှာ အရက်သောက်စားပြီး မေလ ၂၇ ရက်နေ့မှာတော့ သူမကို မခန်ရပ်ကွက် သစ်သီးဂိုဒေါင်ရုံတခုမှာ အလောင်းအဖြစ် ပြန်လည် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တာဝန်ရှိရဲတွေက သူမရဲ့အလောင်းကို သွားရောက်စစ်ဆေးရာမှာ ပက်လက်အနေအထားနဲ့ သေဆုံးနေပြီး ပါးစပ်မှ အမြှုပ်တွေထွက်ကာ နှာခေါင်းမှာလည်း သွေးတွေ စီးကျနေတယ်လို့ ဆိုပါတယ်။ ရဲတွေက သူမလှုပ်ရှားမှုတွေကို စီစီကင်မရာကနေ ပြန်လည်ကြည့်ရှုရာမှာတော့ မေလ ၂၆ ရက် ညသန်းခေါင်ကျော်က မူးနေတဲ့သူမကို လူရွယ် ၄ ဦးက ပွေ့ချီပြီး အဖြူရောင် ကားတစီးနဲ့ တင်ဆောင်သွားတာ တွေ့ရပါတယ်။ အဲဒီနောက် ကင်မရာထဲပါတဲ့ လူရွယ်တွေကို အချိန် ၃ နာရီကြာအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ လူရွယ် ၄ ဦးမှာ နိုင်းနတ်တဖုန်း ခေါ် အုတ် ( ၂၄ နှစ် )၊ နိုင်းပတ်က်ျဝီ (ခေါ်) ထိမ်း ( ၂၃ နှစ်) နိုင်းဆုရဆစ် (ခေါ်) ဘောလ် ( ၂၄ နှစ် ) နဲ့ အသက် ၁၈ နှစ်ရွယ် လူငယ် ၁ ဦးတို့ဖြစ်ပြီး သူတို့က ကိဖ်ကို အဓမ္မကျင့်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ သူတို့လုပ်ဆောင်ချက်တွေကို မေလ ၃၀ ရက်နေ့က အစအဆုံးပြန်လည်ပြစေခဲ့ပြီး သေဆုံးသူဘက်က ဆွေမျိုးနဲ့ လာရောက်ကြည့်ရှုသူလူအုပ်ကြီးက သူတို့ကို ထိုးကြိတ်ဖို့ လုပ်နေလို့ ရဲကလုံခြုံရေးယူကာ အမြန်ဆုံးကားပေါ်ပြန်တင်လိုက်ရပါတယ်။ မိန်းကလေးမှာ အွန်လိုင်းပေါ်မှ အလှကုန်ပစ္စည်းရောင်းချတဲ့အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး  သေဆုံးရတဲ့ အကြောင်းရင်းအသေးစိတ်ကို ဆေးရုံက ထပ်မံစစ်ဆေးဦးမှာဖြစ်ကြောင်း၊ အဲဒီနောက်မှ  အသုဘချမယ်လို့ ဆွေမျိုးဖြစ်သူက သတင်းထောက်ကို ပြောပါတယ်။
4 years Ago
Up