ထိုင်းဘုရင် ၇ ပါး ရုပ်တု ထုဆစ်ပြီးစီး

August 20, 2015

ထိုင်းဘုရင် ၇ ပါး ရုပ်တု ထုဆစ်ပြီးစီး

ထိုင်းနိုင်ငံ့သမိုင်းမှာ နိုင်ငံနဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံ ဦးဆောင်ဦးရွက်ပြုခဲ့သူ  ရှင်ဘုရင် ၇ ပါးကို ဂုဏ်ပြုတဲ့အနေနဲ့  ကြီးမားတဲ့ ရုပ်တုကြီးတွေ ထုဆစ်နေတာ ပြီးစီးသွားပြီ ဖြစ်ပါတယ်။ အဲဒီရုပ်တုတွေကို ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ပရကျူတ်ခီရိခန်ခရိုင် ဟွာဟင်မြို့နယ်က ရာချဖတ်ဥယျာဉ်မှာ ထားရှိပြီး ပထမဆုံးအကြိမ် ပူဇော်ပသပွဲ အခမ်းအနားကို သြဂုတ်လ ၁၉ ရက် မနက် ၉ နာရီမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ထိုင်းဝန်ကြီးချုပ်  ပရာယွတ်ချန်အိုချာကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ ပါတယ်။ ထိုင်းပြည်သူပြည်သားတွေ၊ နောင်လာနောက်သားတွေအနေနဲ့ ဒီရုပ်တုတွေကို ရှုမြင်ရခြင်းအားဖြင့် နိုင်ငံနဲ့လူမျိုးအတွက် စွမ်းစွမ်းတမံ ဦးဆောင်ဦးရွက်ပြုခဲ့သူ ရှင်ဘုရင်တွေကို လေးစားဂုဏ်ယူနေရမှာဖြစ်သလို ရာဇ၀င်သမိုင်းတွေလည်း လေ့လာနိုင်မယ့် နေရာတခုဖြစ်တယ်လို့ ရာချဖတ်ဥယျာဉ်ဆောက်လုပ်ရေးဌာန ညွှန်မှူး ဒုဗိုလ်မှူးကြီး ဆုထဆဒ် ကျာလုမဏီက သတင်းထောက်ကို ပြောပါတယ်။ ရုပ်တုအဖြစ် ထုဆစ်ဂုဏ်ပြုခြင်းခံရတဲ့ ဘုရင် ၇ ပါးမှာ ၁။  ပထမဆုံးထိုင်းနိုင်ငံကို ထူထောင်သူ ဆုခိုထိုင်းခေတ်မှ ဖော့ခွန်ရမ်ကမ်းဟိုင်၊ ၂။ အယုဒယခေတ်က မြန်မာဘုရင်ကို တွန်းလှန်တိုက်ခိုက်သူ ဖရနရေ့ဆွန် (မြန်မာအခေါ် - ဗြနရာဇ်) ၃။ အနောက်နိုင်ငံတွေနဲ့ ပထမဆုံးဆက်သွယ်လမ်းဖွင့်ပြီး နိုင်ငံတိုးတက်အောင်ဆောင်ရွက်သူ ဖရနားလိုင်းမဟာရာ့ခ်ျ (အယုဒ္ဒယခေတ်) ၄။  မြန်မာဘုရင် ဆင်ဖြူရှင်ကို တိုက်ထုတ်သူ ဖယားတာ့ခ်ဆင် (ထွန်းပူးရီးခေတ်) ၅။ ဘန်ကောက်မြို့ကို စတင်ထူထောင်သူ ယွတ်ဖာ့ကျူလာလုတ် (ရတနာကိုးဆင့် ပထမမင်းဆက်) ၆။ အနောက်တိုင်းပညာ သယ်ဆောင်လာပြီး  သိပ္ပံပညာထွန်းကားစေသူ ဖရာ့ကျွမ်ကောက်ကျောက်ယူဟို (ရတနာကိုးဆင့် စတုထ္ထမင်းဆက် ) ၇။ ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းပြီး နိုင်ငံခြားပညာတော်သင်များ စတင်စေလွှတ်ခဲ့သူ ကျူလာကျွမ်ကောက်ကျောက်ယူဟို (ရတနာကိုးဆင့် ပဉ္စမမင်းဆက်) စသည်တို့ ပါဝင်ပါတယ်။ ဒီရုပ်တုတွေကို ထိုင်းကြည်းတပ်မတော် အမှတ် ၇ တိုင်းစစ်ဌာနချုပ်ရဲ့ စီမံကွပ်ကဲမှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး ဧကပေါင်း ၁၀၀ ကျော်ကျယ်တဲ့ ဥယျာဉ်ထဲမှာ ထားရှိတာ ဖြစ်ပါတယ်။ ဥယျာဉ်ထဲမှာ ရုပ်တုအပြင် သစ်ပင်ပန်းမန် အမျိုးပေါင်း တစ်ထောင်ကျော်ကိုလည်း စိုက်ပျိုးအလှဆင်ထားပါတယ်။ အများပြည်သူတွေအနေနဲ့ လာမယ့် စက်တင်ဘာလ ရုပ်တုဖွင့်ပွဲအပြီးမှာ သွားရောက်လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - travel.mthai.com  
6 years Ago
Up