ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်း၏ ၆၅ နှစ်ပြည့်မွေးနေ့ ကျင်းပ

July 28, 2017

ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်း၏ ၆၅ နှစ်ပြည့်မွေးနေ့ ကျင်းပ (ရုပ်သံ)

ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်းရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ကို ဒီကနေ့ စတင်ကျင်းပပါတယ်။ နိုင်ငံတလွှား ပြည်သူ့သစ္စာကို ပြသရင်း ဘာသာရေးဆိုင်ရာ အခမ်းအနားတွေကို အကြီးအကျယ် ကျင်းပခဲ့တာပါ။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာနဲ့ အစိုးရအရာရှိတွေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၆၅၁ ပါးကို ဘန်ကောက်မြို့တော်က တော်ဝင်ပလာဇာမှာ လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ ထိုင်းစာတိုက်ကြီးကလည်း ဘုရင်သစ်ပုံပါတဲ့ ကန့်သတ်တံဆိပ်ခေါင်း တသိန်းကို ဖြန့်ချိခဲ့ပါတယ်။ ဘုရင်သစ်ဟာ ကျန်ခဲ့တဲ့ ဒီဇင်ဘာလက နန်းတက်ခဲ့တာပါ။ ဘုရင်သစ်ရဲ့ ဖခမည်းတော် ၉ ဆက်မြောက် ရာမဘုရင် ဘူမိဘော အဒူလျာဒက်ဟာ အောက်တိုဘာလက နတ်ရွာစံခဲ့လို့ တနှစ်တာ ဝမ်းနည်းခြင်းကာလကို တရားဝင် သတ်မှတ်ထားပါတယ်။ ဒါကြောင့် အစိုးရဝန်ထမ်းတွေဟာ တရားဝင်ဝတ်စုံအနေနဲ့ ဝမ်းနည်းခြင်း ဝတ်စုံနက်ကိုသာ ဝတ်ရပါတယ်။ ဒါပေမယ့် ဘုရင်သစ်ရဲ့ မွေးနေ့မှာတော့ ဝတ်စုံဖြူကို ဝတ်ဖို့ အများပြည်သူနဲ့ အရာရှိတွေကို အစိုးရက ညွှန်ကြားထားပါတယ်။ စည်းမျဥ်းခံဘုရင်စနစ်ကို ကျင့်သုံးပေမယ့် ပြည်သူအများစုက တော်ဝင်မိသားစုကို လေးစားမှုမြင့်မားတဲ့ ထိုင်းနိုင်ငံမှာ ဘုရင့်မွေးနေ့ဟာ အရေးကြီးတဲ့နေ့ ဖြစ်ပါတယ်။ နတ်ရွာစံဘုရင်ကတော့ သူ့မွေးနေ့မှာ ပြည်သူရှေ့ထွက်ပြီး နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်တဲ့ သူ့အတွေးအခေါ်တွေကို မိန့်ခွန်းပြောလေ့ရှိပေမယ့် ဘုရင်သစ်ကတော့ ဒီနှစ်မှာ ပြည်သူ့ရှေ့ထွက် မိန့်ခွန်းပြောဖို့ စီစဉ်မထားပါဘူး။
4 years Ago
Up