ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့အကြား ၂၀၁၈ခုနှစ် ဇွန် ၆ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေးကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
နားလည်မှုစာချွန်လွှာအရ အသိုက်အဝန်းအခြေပြု စီမံကိန်းလုပ်ငန်းတွေ အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတွေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီစခန်းတွေမှာ နေထိုင်နေတဲ့ ဆန္ဒအလျောက် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကိစ္စ၊ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို UNHCR က ကူညီပံ့ပိုး ပေးနိုင်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကစပြီး မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေကြောင့် မြန်မာပြည်သူ သိန်းနဲ့ချီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီမှာ ခိုလှုံနေခဲ့ကြရတာပါ။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ခ်ျပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုဖွင့်လှစ်ထားပြီး လူပေါင်းတသိန်းကျော် ခိုလှုံနေကြဆဲဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ထိုင်းနဲ့ မြန်မာအစိုးရတို့ရဲ့ အစီအစဉ်နဲ့ နို့ဖိုးဒုက္ခ သည်စခန်းကဒုက္ခသည်တချို့ ပထမဆုံးအကြိမ် ဆန္ဒအလျောက် တရားဝင်နေရပ်ပြန်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ် ဒုက္ခသည်တွေ တရားဝင် နေရပ်ပြန်ပို့နိုင်ခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနဲ့ UNHCR တို့အကြား နားလည်မှုစာချွန်လွှာ အမ်အိုယူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဓာတ်ပုံ- အတိုင်ပင်ခံရုံး
4 years Ago