ထိုင်းဒူးရင်းသီး

June 1, 2018

အာကာသထဲမှာ ထိုင်းဒူးရင်းသီး စားနိုင်တော့မှာလား

အာကာသထဲမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အသီးတမျိုးဖြစ်တဲ့ ဒူးရင်းသီးကို စားနိုင်တော့မလားဆိုတာ တော်တော့်ကို စိတ်ဝင်စားစရာပါပဲ။ မေလ ၃၁ ရက်နေ့က ထိုင်းအခြေစိုက် ကိုကိုးနပ်စ် သတင်းတပုဒ်မှာတော့ အာကာသယာဉ်မှူးတွေဟာ မကြာတော့တဲ့ အနာဂတ်ကာလမှာ ဒူးရင်းသီးကို အာကာသထဲမှာ စားသုံးနိုင်တော့မယ်လို့ ဖော်ပြလိုက်တာပါ။ ထိုင်းအစိုးရရဲ့ အာကာသ သုတေသနဆိုင်ရာ အေဂျင်စီဟာ ဖုတ်ကင်ထားတဲ့ ဒူးရင်းသီးတွေကို လာမယ့် ဇူလိုင်လထဲ အာကာသထဲပို့နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းအစားအစာတွေဟာ အာကာသထဲမှာ စားသုံးဖို့ သင့်တော်တယ်ဆိုပြီး ထုတ်လုပ်မှုတွေလုပ်မယ့် သုတေသန တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ မေ ၃၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးရေးအေဂျင်စီ (ဂျီအိုင်အက်စ်တီဒီအေ) မှ ဒေါက်တာ အမ်မရင် ဖင်နူးက ဖုတ်ကင်ထားတဲ့ ဒူးရင်းသီးတွေကို အာကာသထဲပို့ဖို့ အသင့်ဖြစ်နေပြီလို့ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ အာကာသထဲကို သယ်သွားနိုင်အောင် အထူးပြု ထုတ်လုပ်မှုကိုတော့ Daily Food Ltd. နဲ့ Signature Marketing Co., Ltd. တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကာ မျိုးစိတ်ပေါင်းများစွာထဲက အရသာအရှိဆုံးဖြစ်တဲ့ မျိုးရင်းကို ထုတ်ယူထားတာလို့ ဆိုပါတယ်။ သတင်းမီဒီယာတွေကို ပြသတဲ့ အိတ်ပေါ်မှာတော့ ဒူးရင်းသီးကို အာကာသဆီ ပို့ဆောင်မယ့် ဆင်ပုံစံတံဆိပ်နဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီ (ဂျီအိုင်အက်စ်တီဒီအေ) ကတော့ အာကာသထဲ ရောက်ရှိသွားတဲ့ ဒူးရင်းသီးရဲ့ မျက်နှာပြင်၊ အနံ့၊ ထုပ်ပိုးမှုတွေဟာ တစုံတရာ ပြောင်းလဲသွားမလားဆိုတဲ့ အချက်အလက်တွေကို စုဆောင်းရမှာဖြစ်ပြီး အာကာသထဲမှာ စားသုံးနိုင်ဖို့ သင့်တော်တဲ့ အစားအစာအဖြစ် ပိုမိုဖွံ့ဖြိုးလာအောင် လုပ်ဆောင်သွားရမယ်လို့ ဆိုပါတယ်။
3 years Ago
Up