ထိုင်းဒုရဲချုပ်ပြော

April 29, 2017

တိုင်းရင်းသူနှင့်ဒုက္ခသည်မိန်းကလေးများအား လိင်ကျွန်ပြုမှုတွင် ခရိုင်ဝန်ပါဝင်ဟု ထိုင်းဒုရဲချုပ်ပြော

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှာ တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည်မိန်း ကလေးတွေ ခြိမ်းခြောက်ပြည့်တန်ဆာပြုခံရမှုမှာ သက်ဆိုင်ရာက ဒေသတွင်း ကွင်းဆင်းစစ်ဆေးနေရာမှာ ခရိုင်အကြီးအကဲပါ ပါဝင်ပတ်သက်တဲ့ အထောက်အ ထားတွေ့ရှိတယ်လို့  ထိုင်းဒုရဲချုပ်က ပြောကြားလိုက်ပါတယ်။ မယ်ဟောင်ဆောင်ခရိုင်ရဲတပ်ဖွဲ့ကတော့ ဒီအမှုကို ဧပြီ ၂၆ ရက်နေ့က စုံစမ်းစစ်ဆေးခဲ့ပြီး ခရုင်ဝန် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပေမယ့် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆီဝရာ ရန်းဆီဖလာမနကွန်းကတော့ သူတို့ဆီမှာ ခိုင်လုံတဲ့ သက်သေတွေရှိကြောင်း၊ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနဘက်ကလည်း အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးရေးနေတာမို့ လောလောဆယ် သက်သေတွေဖွင့်ချလို့ မရသေးကြောင်း ပြောခဲ့တယ်လို့ သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဒီအမှုမှာ ဌာနဆိုင်ရာ၊ ခရိုင်အာဏာပိုင်အကြီးအကဲတွေ ပါဝင်ပတ်သက်နေတာကြောင့် အထူးမှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ (ဒီအက်စ်အိုင်) ကရော၊  ထိုင်းအမျိုးသားရဲတပ်ဖွဲ့၊ ပြည်ထဲရေး ၀န်ကြီးဌာနတွေကပါ ၀င်ရောက်ကိုင်တွယ်နေတာပါ။ ထိုင်းနိုင်ငံ လက်ထောက်မြို့နယ်ဦးစီးမှူးများသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ နိုင်းဘွန်းရလစ် နိပေါင်စ နစ်ကတော့ သူ့ရဲ့ စုံစမ်းမေးမြန်းချက်တွေအရ “မယ်ဟောင်ဆောင်မှာ ယမန်နှစ်က အသစ်ပြောင်းရွှေ့လာတဲ့ခရိုင်ဝန်ကို ကြိုဆိုဂုဏ်ပြုပွဲကျင်းပခဲ့ကြောင်း၊ အဲဒီပွဲမှာ မိန်းကလေး ဆယ်ဦး လောက် ခေါ်ဆောင်လာပြီး  ဖျော်ဖြေစေခဲ့ကြောင်း၊ ခရိုင်ဝန်က ငြင်းပယ်ခဲ့ပေမယ့် အခြားဌာနဆိုင်ရာ အကြီးအကဲတွေကတော့ ဟိုတယ်တခုကို ခေါ်ဆောင်သွားခဲ့တယ်” လို့ ဆိုပါတယ်။ ဒုရဲချုပ်ကတော့ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုကို ထိရောက်အောင် တားဆီးနှိမ်နင်းနေတာဖြစ်လို့ ကျူးလွန်သူ မည်သူကိုမဆို ဥပဒေနဲ့အညီ တန်းတူညီမျှ အရေးယူအပြစ်ပေးသွားမယ်လို့ ပြောပါတယ်။ မယ်ဟောင်ဆောင်ခရိုင်ဝန် နိုင်းဆိပ်ဆဒ်ဒီး အိမ့်ဝိကျန်းဟာ တိုင်ချက်တွေထွက်ပေါ်ပြီးတဲ့နောက် ဥဒရာဒေ့ခ်ျခရိုင်ကို ပြောင်းရွှေ့ခံရပါတယ်။ ပြည့်တန်ဆာပြုခံရသူ မိန်းကလေးတစ်ဦးရဲ့မိခင် နန်းနမ့်ဖစ်ခ်ျဟာ မူးယစ်ရဲတပ်ဖွဲ့ထဲမှာ လျှို့ဝှက်သူလျှိုအဖြစ် နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်နေပြီး သမီးဖြစ်သူပါ သားကောင်ဖြစ်ခဲ့ရတာကတကြောင်း၊ လုပ်ဖော်ကိုင်ဘက် ရဲဝန်ထမ်းတချို့နဲ့  အလုပ်ကိစ္စပြဿနာရှိလာတာက တကြောင်းကြောင့်မို့ မယ်ဟောင်ဆောင်မှာ နှစ်နဲ့ချီရှိနေတဲ့ မိန်းကလေးများ (အထူးသဖြင့် ရဲတွေကို ကြောက်လန့်တဲ့ တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည်မိန်းကလေးများ) အား ပြည့်တန်ဆာပြုမှုတွေကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကစ ဖွင့်ဟတိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒီတိုင်ကြားမှုမှာ မူးယစ်ဆေးကျွေးပြီး ပြည်တန်ဆာပြုခိုင်းခံရတဲ့ မိန်းကလေး ၁၀ ဦးထက်မနည်းရှိပြီး ဌာနဆိုင်ရာအထက်လူကြီးတွေအတွက် ပြည်တန်ဆာ စီမံရှာဖွေပေးသူ ရဲဝန်ထမ်း ၁ ဦး နဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထိန်းချုပ်ထားပြီး အခြားရဲ ၃ ဦးကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ ခရိုင်ဝန် နဲ့ ခရိုင်ဒုရဲမှူး၊ ပညာရေးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန စတဲ့အကြီးအကဲတွေကတော့ ပြည့်တန်ဆာဝယ်ယူသူတွေအဖြစ် တိုင်ကြားခြင်းခံထားရတာပါ။
4 years Ago
Up