ထိုင်းထီ ဘတ် ၆ သန်းပေါက်သည့် ကံထူးရှင် မြန်မာမိန်းကလေးနှင့် မေးမြန်းချက်

February 6, 2018

ထိုင်းထီ ဘတ် ၆ သန်းပေါက်သည့် ကံထူးရှင် မြန်မာမိန်းကလေးနှင့် မေးမြန်းချက်

ဖေဖော်ဝါရီ ၁ ရက်နေ့က ကြေညာသွားတဲ့ ထိုင်းထီပေါက်စဉ်မှာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ စက်ရုံတရုံက သီရိရွှေစင်လို့ခေါ်တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာအလုပ်သမလေးတဦး ကံထူးပြီး ပထမဆု ဘတ် ၆ သန်း ဆွတ်ခူးရရှိခဲ့ပါတယ်။ သူမဟာ ဟတ်ယိုင်ရှိ MWRN ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ တာဝန်ခံ ကိုဘရီနဲ့အတူ မနေ့က ဘန်ကောက်ဗဟိုထီရုံးမှာ ချက်လက်မှတ်သွားထုတ်ပြီး ဒီကနေ့မနက်မှာတော့ မြန်မာပြည်က မိဘတွေဆီ ငွေလွှဲပေးဖို့ ကရုန်ထိုင်းဘဏ်မှာ ငွေသွားအပ်နှံခဲ့ပြီး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထီပေါက်သူ ကာယကံရှင် မိန်းကလေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - ညီမက ဘာလူမျိုးလဲ၊ မြန်မာပြည် ဘယ်အပိုင်းကလဲ။ ဖြေ - ဟုတ်ကဲ့ ညီမက ကရင်လူမျိုးပါ။ မြန်မာပြည် ဧရာဝတီတိုင်း ဝါးခယ်မမြို့ကပါရှင့်။ မေး - မိဘတွေက ဘာအလုပ်လုပ်လဲ။ ဖြေ - မိဘတွေက တောမှာ လယ်ပဲလုပ်ပါတယ်ရှင့်။ မေး - ညီမ ထိုင်းရောက်တာကြာပြီလား၊ ဘာအလုပ်လုပ်လဲ။ ဖြေ - ၉ လလောက်ပဲ ရှိပါသေးတယ်၊ စည်သွပ်ဘူးစက်ရုံမှာပါ။ မေး - အလုပ်လုပ်ရတာ ပင်ပန်းလား၊ လစာဘယ်လိုရလဲ။ ဖြေ - သိပ်တော့ မပင်ပန်းပါဘူး၊ ဒါပေမယ့် တနေကုန်မတ်တပ်ရပ်ပြီး အသီးအရွက်တွေရွေး ရတယ်။ ညီမက နေ့စားပါ၊ တရက်ကို  ၃၀၈ ဘတ်ရတယ်၊ အလုပ်မဆင်းတဲ့နေ့၊ စနေ တနင်္ဂနွေနေ့ဆို ပိတ်ရက်မို့ ပိုက်ဆံမရပါဘူး။ အိမ်ကိုပို့ဖို့တော့ တလ ၂ သိန်းခွဲလောက်ကျန်ပါတယ်။ မေး - ထီမပေါက်ခင်ညက ညီမမှာ ထူးဆန်းတဲ့ အိပ်မက်တွေဘာတွေ မက်သေးလား။ ဖြေ - ဘာမှ မမက်ပါဘူးရှင့်။ မေး - ထီပေါက်တာ ဘယ်လိုသိလဲ၊ သတင်းကောင်းကြားကြားချင်း ဘယ်လိုခံစားရလဲ။ ဖြေ - ညီမတို့စက်ရုံက အလုပ်တူတူလုပ်တဲ့ အစ်ကိုတယောက်ကို ထီပေါက်စဉ်တိုက်ခိုင်းတာပေါ့နော်၊ သူ့ဆီသွားတိုက်တာ ပထမတော့ မယုံဘူး။ ကိုယ့်ကိုစတယ်ပဲ အောက်မေ့တာပေါ့နော်၊ သေချာအောင် ညီမနေရာကို ပြန်လာပြီး သေချာထပ်တိုက်တာ၊ အဲတော့မှပဲ ယုံတာ၊ ညီမလည်း ပျော်တာပေါ့၊ ညဆို အိပ်လို့မပျော်အောင် စိတ်လှုပ်ရှားတယ်။ ရွာက အဖေအမေတို့လည်း အကုန်ပျော်နေတာပေါ့။ မေး -  အရင်ထီမပေါက်ခင်က ပိုက်ဆံအများကြီးရရင် ဘာလုပ်ချင်တယ်၊ ညာလုပ်ချင်တယ်ဆိုတာမျိုး စိတ်ကူးယဉ်တာရှိလား။ ဖြေ-  အဲလိုလည်းမရှိပါဘူး။ မေး - ညီမ ဘာကြောင့်ထီပေါက်တယ်လို့ထင်လဲ။ ဖြေ - မပြောတတ်ပါဘူး၊ ဘုရားတော့ နေ့တိုင်းရှိခိုးပါတယ်။ အလုပ်လုပ်လို့ရတဲ့ပိုက်ဆံ မိဘကို ပေးပါတယ်။ မေး - အခု ပိုက်ဆံအများကြီးရတော့ ဘာအလုပ်ဆက်လုပ်မှာလဲ။ ဖြေ - မသိသေးပါဘူးရှင့်၊ လောလောဆယ် စက်ရုံမှာ အလုပ်တူတူလုပ်တဲ့ သူငယ်ချင်းတွေကို မုန့်ဖိုးပေးမယ်၊ ပြီးတော့ ရွာမှာ အလှူပြန်လုပ်မယ်။ မေး - ညီမ လုံခြုံရေးအတွက် စိုးရိမ်တာရော ရှိလား။ ဖြေ - နည်းနည်းတော့ရှိပါတယ်။ မေး -  အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။ သူမဟာ ထီပေါက်ပေါက်ချင်း ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ကို ဆက်သွယ်လာတဲ့အတွက် အဖွဲ့အစည်းကလည်း သူမကို သွားကြိုလာခဲ့ပြီး အဲဒီကတည်းက လုံခြုံတဲ့နေရာမှာ ထားခဲ့ကြောင်း၊ သူမ မိဘရပ်ထံ ဘေးကင်းလုံခြုံစွာ ရောက်သွားဖို့ကိုလည်း ဆက်လက်ကူညီပေးသွားမယ်လို့ ကိုဘရီက ဖြည့်စွက်ပြောကြားသွားပါတယ်။
3 years Ago
Up