ထိုင်းတွင် ရိုဟင်ဂျာများ ထောင်ဖောက်ပြေး၊ ၁ ဦး အသေဖမ်းမိ (ရုပ်သံ)

May 25, 2016

ထိုင်းတွင် ရိုဟင်ဂျာများ ထောင်ဖောက်ပြေး၊ ၁ ဦး အသေဖမ်းမိ (ရုပ်သံ)

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်အကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ ရိုဟင်ဂျာ ၂၀ ကျော် မေ ၂၃ ရက်နေ့ညက ထောင်ဖောက်ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။ ထောင်ဖောက်ပြေးသူတွေကို တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာ တဦးက   ကျောက်ခဲနဲ့ပစ်ပေါက်ပြီး ပြန်လည်ခုခံတဲ့အတွက် တာဝန်ရှိသူက ပစ်ခတ်ဖမ်းဆီးခဲ့လို့ သေဆုံးသွားတာဖြစ်ကြောင်း ဖန်းငခရိုင်ရဲတပ်ဖွဲ့မှ စခန်းမှူး ဒု-ရဲမှူး ကျီလဖတ် ဖိုးထိချနဖန်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် ထောင်ဖောက်သူ ၁၅ ဦးကို အကျဉ်းထောင်အနောက်ဘက်တောအုပ်တွင်းမှ  ပြန်လည်ဖမ်းဆီးရမိခဲ့ပြီးနောက် ထပ်လွတ်မြောက်နေသူ ၆ ဦးလောက်ရှိသေးတယ်လို့ ရဲမှူးမှ ခန့်မှန်းပြောဆိုပါတယ်။ အဆိုပါလွတ်မြောက်နေသူတွေကိုလည်း အဖွဲ့ခွဲပြီး ရှာဖွေဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအခွင့်အရေးကွန်ရက်အဖွဲ့မှ နိုင်းဆွီးဝုန်း ဆုခထ၀ီကတော့ တာဝန်ရှိသူတွေက အကျဉ်းသားတဦးကို ပစ်ခတ်ဖမ်းဆီးလိုက်တဲ့အပေါ် ပြန်လည်စုံစမ်းစစ်ဆေးသင့်ကြောင်း၊ အဲဒီရိုဟင်ဂျာတွေဟာ ဖန်ငအကျဉ်းထောင်မှာ ကျခံထားရတာ ၂ နှစ်ကျော်ပြီဖြစ်ပြီး လွတ်မြောက်မယ့်အချိန်ကို မသိရကြောင်း၊ သူတို့အနေနဲ့ လွတ်မြောက်ရာလမ်းမရှိတဲ့ ထောင်ထဲမှာ နေနေရတာထက်စာရင် အသေခံထွက်ပြေးတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ဟန်ရှိကြောင်း သတင်းထောက်ကို ပြောသွားပါတယ်။
6 years Ago
Up