ထိုင်းတွင် ယာဉ်မောင်းလိုင်စင် မဆောင်ထားပါက ဘတ် ၁ သောင်းထိ ဒဏ်တပ်ခံရနိုင်

November 25, 2015

ထိုင်းတွင် ယာဉ်မောင်းလိုင်စင် မဆောင်ထားပါက ဘတ် ၁ သောင်းထိ ဒဏ်တပ်ခံရနိုင်

ထိုင်းနိုင်ငံမှာ ယာဉ်မောင်းလိုင်စင်မရှိသူတွေနဲ့  ယာဉ်မောင်းလိုင်စင် ရှိပေမယ့် ကိုယ်နဲ့မကွာ ဆောင်ထားခြင်း မရှိသူတွေဟာ  ဒဏ်ငွေ ဘတ် ၁ သောင်းထိ ဒဏ်တပ်ခံရဖွယ်ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ကုန်းလမ်းသည်ယူပို့ဆောင်ရေးဦးစီးဌာန မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေ ပြဋ္ဌာန်းထားပေမယ့်လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေသေးတဲ့အတွက် ပြစ်ဒဏ်တွေ ပြင်ဆင်တိုးမြှင့်ဖို့ ပြီးခဲ့တဲ့အပတ်က ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ဌာနချုပ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာအစည်းအဝေးမှာ တင်ပြကြတယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ အစည်းအဝေးမှာ လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ကညန-ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နည်းဥပဒေပြင်ဆင်ရေး ဆွေးနွေးခဲ့ပြီး ယာဉ်မောင်းလိုင်စင်မရှိဘဲ ယာဉ်မောင်းနှင်းပါက နဂိုပြစ်ဒဏ် ထောင်ဒဏ် ၁ လထက် မပို သို့မဟုတ် ဘတ်ငွေ ၁ သောင်းထက်မပို ချမှတ်ထားရာမှာ ထောင်ဒဏ် ၃ လထက် မပို သို့မဟုတ် ဘတ်ငွေ ၁ သောင်းထက်မပိုအထိ ပြစ်ဒဏ်တိုးမြှင့်ဖို့ အဆိုပြုကြကြောင်း ဘန်ကောက်မြို့ပြ ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူး အဒွန်လ် နရုန်းဆဒ်ဒီ က သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် ယာဉ်မောင်းလိုင်စင်ရှိပေမယ့် ကိုယ်နဲ့မကွာ ဆောင်ထားခြင်းမရှိရင်လည်း မူလပြစ်ဒဏ် ဘတ် ၁ ထောင်ကနေ အနည်းဆုံး ဘတ် ၅ ထောင်မှ အများဆုံး ဘတ် ၁ သောင်းထိ တိုးမြှင့်ဖို့လည်း အဆိုပြုခဲ့ပါတယ်။ သူတပါးအား ထိခိုက်နာကျင်စေမယ့်၊  အသက်အန္တရာယ်ထိခိုက်စေမယ့်၊ ပစ္စည်းဥစ္စာဆုံး ရှုံးစေမယ့် မော်တော်ယာဉ်ပေါ့ဆစွာမောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ယာဉ်ကြော ပိတ်ဆို့စေခြင်း၊ ကျဉ်းမြောင်းတဲ့လမ်းမှာ ကျော်တက်ခြင်း စတဲ့အပြုအမူတွေမှာတော့ နဂိုသတ်မှတ်ထားတဲ့ ဒဏ်ငွေ အနည်းဆုံး ဘတ် ၄၀၀ မှ အများဆုံး ဘတ် ၁ ထောင်အစား အနည်းဆုံး ဒဏ်ငွေ ဘတ် ၁၀၀၀ မှ ၅၀၀၀ ထိ တိုးမြှင့်ပြင်ဆင်ဖို့လည်း အဆိုပြုခဲ့ပါတယ်။ အပြစ်ကျူးလွန်မှု အကြီးအသေးပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ ဘောင်အတွင်း သင့်လျော်တဲ့ ဒဏ်ငွေ ချမှတ်နိုင်ကြောင်းလည်း အဆိုပြုတယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ် ဖမ်းဆီးထိန်းသိမ်းထားပိုင်ခွင့်မှာလည်း နဂိုက ရဲတပ်ဖွဲ့အနေနဲ့ ရာဇ၀တ်မှု နည်းဥပဒေကို ကိုင်စွဲပြီးမှ ထိန်းသိမ်းခွင့်ရှိရာက ရဲတပ်ဖွဲ့အနေနဲ့ တိုက်ရိုက်သိမ်းဆည်း ခွင့်အာဏာကိုလည်း တောင်းဆိုထားပါတယ်။ အခုလို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဥပဒေကို တိုးမြှင့်ပြင်ဆင်လိုက်ခြင်းအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ပိုမိုအရည်အသွေးရှိစွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်သလို နဂိုရှိထားတဲ့ ယာဉ်စည်းကမ်းဆိုင်ရာ နည်းဥပဒေမှာလည်း နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီး ဖြစ်တာကြောင့် ကနေ့ခေတ်စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေ ပြင်ဆင်သတ်မှတ်ဖို့ လိုအပ်ကြောင်း အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ဒုရဲမှူး အဒွန်လ် နရုန်းဆဒ်ဒီ ရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။
6 years Ago
Up