ထိုင်းတွင် နတ်ကတော်ကိုယုံပြီး မိမိနေအိမ်ဖြိုဖျက်ကာ နဂါးနှစ်ကောင်ကို ရှာဖွေ

September 4, 2017

ထိုင်းတွင် နတ်ကတော်ကိုယုံပြီး မိမိနေအိမ်ဖြိုဖျက်ကာ နဂါးနှစ်ကောင်ကို ရှာဖွေ (ရုပ်သံ)

ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင် ကမ်ဖိုင်ဖစ်မြို့နယ် ဝန်းတကိုက်ကျေးရွာအုပ်စုထဲမှာ နတ်ကတော်ရဲ့အပြောကို ယုံကြည်ပြီး နေအိမ်အောက်က နဂါးနှစ်ကောင်ကို ရှာဖွေခဲ့တာကြောင့် နေအိမ်တလုံး ဆုံးရှုံးသွားရတဲ့ဖြစ်ရပ် ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ဝန်းတကိုက်ကျေးရွာအုပ်စု နောင်ဆီဖိုင်းရတ်ရွာနေ နန်းထောင်းပိန် မုဒ်ဒါးနဲ့ ခင်ပွန်းဖြစ်သူဟာ သူတို့သားလေး မကြာခန နေထိုင်မကောင်းဖြစ်နေလို့ နတ်ကတော်ဆီ သွားရောက်ပူဇော် မေးမြန်းရာမှာ နတ်ကတော်က သူတို့ဟာ နဂါးနှစ်ကောင် မှီခိုနေတဲ့ သစ်ပင်ကြီးတပင်ပေါ်မှာ နေအိမ်ဆောက်လုပ်မိတဲ့အတွက် အဲဒီအိမ်က ခိုက်နေတာဖြစ်ကြောင်း၊ ဒါကြောင့် အဲဒီအိမ်ကိုဖယ်ရှားပြီး နဂါးညီနောင်ကို ပြန်လည်ပူဇော်ပသမှ သားဖြစ်သူ အသက်ချမ်းသာရာရမယ်လို့ ဟောပြောခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံကလည်း သားကိုချစ်တဲ့စိတ်နဲ့ သူတို့အိမ်ကြီးကို ဖြိုဖျက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ပထမ နေအိမ်ကြီးကို ဘက်ဟိုးကားနဲ့ ဖျက်ဆီးပစ်ပြီး နဂါးကို မြေလှန်ရှာရာမှာ နဂါးကိုမတွေ့ဘဲ သစ်ကိုင်းခြောက်တွေသာ တွေ့ခဲ့ကြောင်း၊ အဲဒီနောက် နတ်ကတော်က ရေတွင်းကြီးတတွင်း ထပ်တူးပြီး ရှာဖွေခိုင်းရာမှာ ဘာမှမတွေ့ဘဲ မြေတူးခတောင် မကျန်တဲ့အထိ မွဲပြာကျသွားတယ်လို့ ဆိုပါတယ်။ နန်းထောင်းပိန်က သားဖြစ်သူရဲ့ ကျန်းမာရေးလည်း တိုးတက်ကောင်းမွန်တာမရှိ၊ အိမ်သစ်ဆောက်ဖို့ ငွေလည်းမရှိတော့တာကြောင့် မိဘအိမ် ပြန်တက်နေရကြောင်း၊ အိမ်ဖျက်ခိုင်းတဲ့ နတ်ကတော်ကိုတော့ ဆက်သွယ်လို့မရတော့ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒီသတင်းကို ကြားသိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက သူတို့မိသားစုဆီ ရောက်လာပြီး အားပေးစကား ပြောကြားခဲ့ကြောင်း၊ သူတို့သားကို ဆေးရုံတင်ကုသပေးမှာဖြစ်ပြီး နေအိမ်ကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရွာသားတွေ ပူးပေါင်းကာ အသစ်ပြန်ဆောက်ပေးမယ်လို့ ဆိုပါတယ်။ သူတို့ကို အိမ်ဖျက်ခိုင်းတဲ့ နတ်ကတော်ကိုတော့ လိုအပ်သလို စစ်ဆေးအရေးယူဖို့  တာဝန်ရှိသူတွေက စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။
4 years Ago
Up