ထိုင်းတပ်သားသစ်စုဆောင်းပွဲသို့ ဂေးအလှမယ် အပါအဝင် လိင်ပြောင်းအမျိုးသားများ တက်ရောက်

April 6, 2017

ထိုင်းတပ်သားသစ်စုဆောင်းပွဲသို့ ဂေးအလှမယ် အပါအဝင် လိင်ပြောင်းအမျိုးသားများ တက်ရောက်

ထိုင်းနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းထားတာကြောင့် အသက် ၂၁ နှစ်ကျော်တဲ့ အမျိုးသားတိုင်းဟာ တပ်သားစုဆောင်းရေးပွဲကို မဖြစ်မနေ တက်ရောက်ရပါတယ်။ အဲ့ဒီလို တက်ရောက်ရတဲ့ အမျိုးသားတွေထဲမှာ အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်ခွဲစိတ်ပြုပြင်ထားသူတွေပါ တက်ရောက်ရပြီး အခုနှစ်မှာတော့ ဂေးအလှမယ်တဦး ပါဝင်နေတာမို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဒီသတင်းဟာ ရေပန်းစားနေပါတယ်။ ထိုင်းနိုင်ငံမှာ အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်စိတ်ပြောင်းလဲခံယူထားသူတွေ အတွက်သာ ကျင်းပတဲ့ မီမိုဆာအလှဘုရင်မ ရွေးချယ်ပွဲရဲ့ အလှဘုရင်မအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ နာဒီရာလို့ လူသိများတဲ့ ပါထရာဝီရန်ထနာကစ်ခ်ျလည်း တက်ရောက်လာခဲ့တာပါ။ အလှမယ်ဟောင်း နာဒီရာကို စစ်သားသစ်စုဆောင်းခံရမှုမှ လွတ်ငြိမ်းခွင့်လက်မှတ်နဲ့အတူ ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရမှာပါ။ တခြားလိင်စိတ်ပြောင်းလဲခံယူထားသူတွေလည်း သူတို့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း လိင်ခွဲစိတ်ပြုပြင်မှုတွေ မလုပ်ရသေးတဲ့အတွက် တပ်သားသစ်အဖြစ် စုဆောင်းခံရမှာကို စိတ်လှုပ်ရှား ထိတ်လန့်နေကြပြီး သူတို့အနေနဲ့ စစ်သားမဖြစ်ချင်ဘဲ အမျိုးသမီးတယောက်သာ ဖြစ်ချင်တယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ကြတာပါ။ ဒီလို အမျိုးသမီးအဖြစ် ခံယူထားသူတွေဟာ စစ်မှုထမ်းခွင့် ကင်းလွတ်ခွင့်နဲ့ လွတ်ငြိမ်းခွင့်လက်မှတ် မပြနိုင်ခဲ့ရင် ထိုင်းနိုင်ငံဥပဒေအရ သူတို့တွေကို မှတ်ပုံတင်ကတ်ထဲမှာ လိင်ပြောင်းလဲခွင့်ကို ခွင့်မပြုတဲ့အတွက် သူတို့တွေအနေနဲ့ ဒီတပ်သားသစ် စုဆောင်းရေးပွဲကို တက်ရောက်ရတာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ဒီလို လိင်စိတ်ပြောင်းလဲတဲ့သူတွေကို စစ်တပ်က စိတ်ရောဂါရှိသူတွေလို့ သတ်မှတ်ခဲ့ကြပြီး သူတို့တွေဟာ အနာဂတ်မှာ အလုပ်ခန့်အပ်ဖို့အတွက် ပြဿနာတွေကို ဖန်တီးသူတွေအဖြစ် သတ်မှတ်ထားတာပါ။ တဦးတယောက်ရဲ့ လိင်နဲ့ လိင်စိတ် မကိုက်ညီခဲ့ရင် ဒါမှမဟုတ် သူတို့ရရှိလာတဲ့ မွေးရာပါ လိင်ကို မနှစ်သက်လို့ စိတ်ဓာတ်ကျနေခဲ့ရင် ဒီလို တပ်သားသစ်အဖြစ် စုဆောင်းခံရမယ့်သူတွေကို လွတ်ငြိမ်းခွင့် ကင်းလွတ်ခွင့်ပြုမယ်လို့ တရားရေးဌာနမှ မဆုံးဖြတ်သေးခင် အချိန်တုန်းကတော့ အမျိုးသားကနေ အမျိုးသမီးလိင်စိတ် ပြောင်းလဲခံယူထားသူ အသိုင်းအဝိုင်းက ၆ နှစ်လောက်ကြာအောင် လှုံ့ဆော် တောင်းဆိုခဲ့ကြရတာပါ။ အခုအချိန်မှာတော့ အမျိုးသမီးလိင်စိတ် ပြောင်းလဲခံယူထားသူ အများစုဟာ တပ်သားသစ်အဖြစ် စုဆောင်းခံရမှုကနေ ကင်းလွတ်ခွင့်ရနေပြီး တကယ်လို့ ကင်းလွတ်ခွင့်လက်မှတ် မရှိရင်တော့ သူတို့တွေဟာ တပ်သားသစ်အဖြစ် စုဆောင်းခံရတယ်လို့ ဆိုပါတယ်။ ခုလို လိင်စိတ်ပြောင်းလဲခံယူထားသူတွေကို တပ်သားစုဆောင်းရေးကိစ္စမှာ ပိုမိုကောင်းမွန်စွာ ဆက်ဆံဖို့ အကြံပြုချက်အသစ်တွေကို ဆွေးနွေးနိုင်ဖို့ သတင်းမီဒီယာတွေ အစိုးရအဖွဲ့အစည်းတွေ LGBT အသိုင်းအဝိုင်းတွေ ဒီနှစ်နောက်ပိုင်း ဘန်ကောက်မှာ စုဝေးကြမယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ - Exclusivepix Media  
4 years Ago
Up