ထိုင်းနိုင်ငံတောင်ပိုင်း၊ သည်ဖခရိုင်၊ ဆောင်ကလာမြို့က ကမ်းခြေစားသောက်ဆိုင် တဆိုင်မှာ ဇန်န၀ါရီ ၁၈ ရက်နေ့ ညပိုင်းက ပေါက်ကွဲမှု ၂ ခုဖြစ်ခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဇန်န၀ါရီ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ ဆွိုင်ဆ၀မ်ကမ်းခြေရှိ ကာရာအိုကေနဲ့ တွဲလျက် ဖွင့်ထားတဲ့ စားသောက်ဆိုင်တွင်းမှာ လက်ပစ်ဗုံး ၂ လုံး အချိန်ခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်က ဆိုပါတယ်။
ပထမလက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် နာချော့အရပ်မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ၀ီပ၀တီဝိုင်ပျူအန် အမည်ရတဲ့ အမျိုးသမီး သေဆုံးခဲ့ပြီး စားသောက်ဆိုင်တွင်း ကျန် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာပါ။
ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲက သောင်းချန် အမည်ရ အမျိုးသမီးကတော့ ဘယ်ခြေထောက်တဘက် ပြတ်တောက်သွားခဲ့ရပါတယ်။
ပထမဗုံးပေါက်ကွဲအပြီး အချိန်အနည်းငယ် အကြာမှာပဲ အဲဒီနေရာနဲ့ ၁၀ မီတာအကွာမှာ ဒုတိယဗုံး ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အဲဒီနေရာကို အစောင့်အကြပ်တွေ ချထားပြီး ခုလိုတိုက်ခိုက်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ရှာဖွေနေတယ်လို့ ဆောင်ကလာရဲချုပ် ခရစ်စခွန်ဖလိသန်ရ၀မ်က ပြောပါတယ်။
ခုကာလအစောပိုင်းကပဲ ဒေသတွင်း လုံခြုံရေးအေဂျင်စီတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်မှု အများဆုံးနေရာတွေဖြစ်တဲ့ မောင်၊ ဟတ်ရိုင်၊ သည်ဖ၊ ဆာဘာရိုင်၊ ချန်းန၊ နသ၀ီ စတဲ့ ခရိုင်တွေမှာ ခုလိုတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
7 years Ago