ထိုင်းစစ်တပ်

August 20, 2018

ထိုင်းစစ်တပ်နှင့် မူးယစ်ကုန်သည်အဖွဲ့ မြန်မာနယ်စပ်အနီး ပစ်ခတ်မှုဖြစ်၊ ၁ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ်ထဲမှာ ဒီကနေ့မနက်က ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ် သယ်ဆောင်တဲ့ ဘက်က ၁ ဦး သေဆုံးကာ စိတ်ကြွဆေး အလုံးရေ ၄ သိန်း ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းကွန်မန်ဒို တပ်အမှတ် ၁ နဲ့   တိုင်းဒေသ ၃ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေဟာ မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းကျေးရွာအုပ်စုတွင်း နယ်မြေစစ်ဆေးရေး ဆောင်ရွက်နေစဉ် ကနေ့မနက် ၅ နာရီလောက်က မြန်မာနယ်စပ်နဲ့ ၃ ကီလိုမီတာခွဲလောက်အကွာ ဘန့်ပန်မဟန် ကျေးရွာနဲ့ မဲ့ခမ်းနွဲ့ရွာကြား တောအုပ်ထဲမှာ လူ ၁ဝ ဦးလောက် ကျောပိုးအိတ်ကိုယ်စီနဲ့ ဖြတ်သန်း ဝင်ရောက်လာတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ စစ်တပ်က စစ်ဆေးဖို့ ရပ်တံ့ခိုင်းရာမှာ တဖက်က ရပ်မပေးဘဲ သေနတ်နဲ့ ပြန်ပစ်လို့ နှစ်ဘက် ၅ မိနစ်လောက်အကြာ အပြန်အလှန်ပစ်ခတ်ပြီး တဖက်က တောထဲကို ထွက်ပြေး ဆုတ်ခွာသွားတယ်လို့ အမှတ် ၃ အထူးတိုက်ခိုက်ရေးတပ် တပ်မမှူး ဗိုလ်မှူးကြီး ကိဒါးကွန်း ကျန်ထရာက ကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ တဖက်က ဆုတ်ခွာသွားတဲ့နောက် နယ်မြေရှင်းလင်းရာမှာ အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာမှာ အသက် ၃ဝ မှ ၄ဝ ကြားရှိ အမျိုးသား ၁ ဦးရဲ့ အလောင်း ၁ လောင်း၊ သူလွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ စိတ်ကြွဆေးပြား အလုံးရေ ၁ သိန်း ပါရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနေရာတဝိုက်မှာပဲ နောက်ထပ် ကျောပိုးအိတ် ၃ လုံးတွေ့ရှိပြီး အထဲမှာ စိတ်ကြွဆေးပြား ၁ သိန်းစီ ပါရှိတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၄ သိန်း ဖမ်းမိခဲ့တာလို့ တပ်မမှူးက ဆက်ပြောပါတယ်။ ခုတလော မူးယစ်ကုန်သည်တွေသယ်တွေဟာ အဆိုပါလမ်းကြောင်းထက် ချင်းရိုင်းခရိုင်အရှေ့ဘက် ဝိန်းကဲင်ဘက်က လမ်းကြောင်းကို ရွေးချယ်လာလို့ အဲဒီဘက်မှာ စစ်ဆေးရေးတွေ တင်းကြပ်စဉ် ဒီဘက်မှာ ချောင်မယ်ထင်လို့ ဝင်ရောက်လာဟန်ရှိကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးတွေဟာ မူရင်းအရပ်ကနေ တိုက်ရိုက်သယ်လာတာမဟုတ်ဘဲ ထိုင်းနယ်စပ်က တနေရာရာမှာ အရင်လာသိုလှောင်ထားပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို တဖြည်းဖြည်းချင်း တင်သွင်းနေတယ်လို့ ယူဆရကြောင်း၊ ဒါကြောင့် မူးယစ်ကုန်သည်တွေ ထွက်ပြေးသွားရာလမ်းကြောင်းနဲ့  ကွင်းဆက်တွေ လိုက်လံစုံစမ်းနေတယ်လို့ တပ်မမှူးက ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ထိန်းမြို့နယ် ဘန့်ဆိုင်းထောင်းကျေးရွာအုပ်ထဲမှာ လွန်ခဲ့တဲ့ ၂ ရက်ကလည်း စိတ်ကြွဆေးအလုံးပေါင်း ၆၂ သန်း သိုလှောင်ထားတယ်လို့ စစ်ဆေးသိရှိရတဲ့ ခြံတခြံကို တာဝန်ရှိသူတွေက ဝင်ရောက် စီးနင်းရာမှာ ၁၅ သိန်းနီးပါးဘဲ တွေ့ရှိပါသေးတယ်။
3 years Ago

May 15, 2017

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့် မူးယစ်ကုန်သည် ပစ်ခတ်၊ ၈ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ နယ်မြေအခြေစိုက် ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးကုန်သည်တွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ကုန်သည်ဘက်က အလောင်း ၈ လောင်းနဲ့ စိတ်ကြွဆေးအလုံးရေ ၆ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မြန်မာနယ်စပ်နဲ့ ၂ ကီလိုမီတာသာကွာဝေးတဲ့ မယ်ဆိုင်မြို့နယ် ဝိန်းဖန်ခမ်းကျေးရွာအုပ်စု ဖာမီတောင်ပေါ်မှာ မေလ ၁၃ ရက် ညက ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး မေလ ၁၄ ရက် မနက်က တာဝန်ရှိသူတွေနဲ့အတူ နယ်မြေရှင်းလင်းရာမှာ မူးယစ်ကုန်သည်တွေဘက်က သေဆုံးသူတွေနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့တာလို့ ထိုင်းစစ်တပ် သံချပ်ကာ အမှတ် ၃ စစ်ဒေသ တပ်မဟာမှူး ဗိုလ်မှူးကြီး ကီဒါကွန်း ကျန်ထရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နယ်မြေထဲ မူးယစ်ကုန်သည်တွေ ဝင်လာမယ့်အကြောင်း လျှို့ဝှက်သတင်းပေးချက်အရ တပ်ဖွဲ့ဝင်တွေ ဖာမီတောင်ပေါ်တဝိုက် ကိုယ်ရောင်ဖျောက် စောင့်ကြပ်စဉ် ည ၈ နာရီခွဲလောက်မှာ ကျောပိုးအိတ်ကိုယ်စီထမ်းလာတဲ့ လူ ၁၅ ဦးလောက် ဝါးရုံတောထဲကနေ တက်လာတာ တွေ့ရကြောင်း၊ သူတို့ထဲမှာ ၃ ဦးက သေနတ်ကိုင်ဆောင်ထားပြီး တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်တန့်စေခဲ့ရာ တဘက်က မရပ်ဘဲ ပါလာတဲ့လက်နက်နဲ့ စတင်ပစ်ခတ်တာကြောင့် ၂ ဘက် အပြန်အလှန် ၁၀ မိနစ်ခန့် ပစ်ခတ်ခဲ့ပြီး အသံတွေ ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။ နောက်တနေ့ တာဝန်ရှိသူတွေက ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာ အသက် ၃၀ နဲ့ ၄၀ ကြားရှိ အမျိုးသားအလောင်း ၈ လောင်းတွေ့ခဲ့ပြီး တချို့ဟာ အိတ်ကိုပိုက်လျက် အနေအထားနဲ့ သေဆုံးနေကြောင်း၊ အဲဒီနေရာကနေ သိမ်းမိတဲ့ အိတ် ၆ လုံးထဲက စိတ်ကြွဆေးအလုံးရေ ၆ သိန်းကျော်နဲ့ အမ်-၁၆ သေနတ် ၂ လက်၊ အေကေ-၄၇ အမျိုးအစား သေနတ် ၁ လက်တို့ကို သိမ်းဆည်းရရှိကြောင်း၊ နောက်ထပ်ကွင်းဆက်တွေရဖို့လည်း ဆက်လက်စစ်ဆေးနေတယ်လို့ အမှတ် ၃ စစ်ဒေသ တပ်မဟာမှူးက ပြောသွားပါတယ်။
4 years Ago
More News
Up