ထိုင်းစက်ရုံတရုံတွင်း ရေဆိုးကန်ရှင်းလင်းစဉ် အဆိပ်ငွေ့ရှူမိပြီး မြန်မာအလုပ်သမား ၃ ဦး သေဆုံး

September 21, 2017

ထိုင်းစက်ရုံတရုံတွင်း ရေဆိုးကန်ရှင်းလင်းစဉ် အဆိပ်ငွေ့ရှူမိပြီး မြန်မာအလုပ်သမား ၃ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ထဲက စက်ရုံတရုံမှာ မြန်မာအလုပ်သမား ၃ ဦးဟာ ရေဆိုးကန်တကန်တွင်း ရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်နေချိန်မှာ အဆိပ်ငွေ့ရှူရှိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီကန်ဟာ ၃ မီတာအနက်ရှိပြီး ကန်အတွင်းမှ ရေဆိုးတွေကို ထုတ်ပစ်ဖို့ စေခိုင်းခဲ့ရာကနေ ခုလိုဖြစ်ခဲ့တာလို့ ဝေါင်ဒီဖက်ဖောင်ဆန်စက်ရုံပိုင်ရှင် ဆန်ဂဖရွမ်မောင်က ပြောပါတယ်။ ကန်တွင်းမှာ ရေဆိုးအနည်းငယ်သာရှိပြီး မကြာသေးခင်က မိုးရွာသွန်းမှုတွေကြောင့် ကန်အတွင်းမှာ ရေတွေပြည့်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကတော့ အသက် ၄၁ နှစ်အရွယ် လက်ခ်ဆိုင်ထောင်း၊ ၄၆ နှစ်အရွယ် ဆူဆိုင်ကရိုနဲ့ ၃၅ နှစ်အရွယ် ဆိုင်ခမ်းထိုင်းရိုင်တို့ ဖြစ်ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ကန်အတွင်းကို ၂ ယောက်က အရင်ကျသွားခဲ့တာဖြစ်ပြီး သူတို့ကိုကူဖို့သွားတဲ့ နောက်တယောက်က ကြိုးစားချိန်မှာ သူပါ အဆိပ်ငွေ့မိပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာပြီး သူတို့ရဲ့အလောင်းတွေကို ဆေးရုံပို့ဆောင် စစ်ဆေးခဲ့ချိန်မှာတော့ ဆာလဖာအဆိပ်ငွေ့ မိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစက်ရုံဟာ လယ်ယာထုတ်ကုန် စက်ရုံတရုံဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up