ထိုင်းကိုရင်လေးများရုပ်သံ

December 26, 2016

အသေအကျေ လက်ဝှေ့ထိုး တိုက်ခိုက်ကြသည့် ထိုင်းကိုရင်လေးများရုပ်သံ ထွက်ပေါ်

လက်ဝှေ့ကြိုးဝိုင်းထဲကလို အချင်းချင်း အပြန်အလှန် ထိုးသတ်နေကြတဲ့ ထိုင်းကိုရင်လေးတွေရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဥဒုံဌာနီခရိုင်တွင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းတခုအတွင်းမှာ ခွန်ကမ်ဘွန် အမည်ရသူတဦးက ရိုက်ယူထားခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ “သူတို့ဟာ ငယ်ငယ်ရွယ်ရွယ်အချိန်မှာ စတင်ပြီး ထိုးသတ်ကြရတယ်။ ဒါဟာ အသက်အရွယ်ကြီးလာချိန်မှာ ပိုကြံ့ခိုင်လာစေမှာပါ” လို့ သူကပြောပါတယ်။ ဘုန်းကြီးကျောင်းဝင်းအတွင်း မြေပြင်ဟာ သူတို့အတွက် လက်ဝှေ့ကလပ်တခုရဲ့ ကြိုးဝိုင်းသဖွယ် ဖြစ်နေခဲ့ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြတာကို တွေ့ရပါတယ်။ အနီရောင်သင်္ကန်းတွေဝတ်ဆင်ကာ ခေါင်းတုံး တုံးထားခဲ့ကြတဲ့ ထိုင်းကိုရင်လေး ၂ ပါးကို လက်ဝှေ့ရေးပြ ထိုးသတ်စေကာ အနီးနားရှိ ကိုရင်အကြီးတွေက ရယ်မောပြီး ဝိုင်းဝန်းအားပေးနေခဲ့ကြတာပါ။ ထိုင်းနိုင်ငံမှာ ယောက်ျားလေးတွေကို ငယ်စဉ်ကတည်းက ကိုရင်ဝတ်ကာ သာသနာ့ဘောင်ကို ဝင်စေခြင်းမျိုး ပြုလုပ်လေ့ရှိပြီး လက်ရှိကာလမှာ သံဃာအရေအတွက် ၃ သိန်းလောက်ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကိုရင်တွေဟာ ပညတ်တော် ၁၀ ပါးနဲ့အညီ နေထိုင်ကြရတာဖြစ်ပေမယ့် တချို့ကတော့ အပြည့်အဝ လိုက်နာတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာဝင်တွေကြားမှာတော့ ဒါဟာ အစွန်း ၂ ဘက်မလွတ်တဲ့ ဝေဖန်မှုတွေ ဖြစ်နေခဲ့ပါတယ်။ ဒေသတွင်း သတင်းစာတွေမှာတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်မှုတွေ၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာတွေနဲ့ တခြား ဆိုးဝါးတဲ့ လူသတ်မှုတွေထိ ပါဝင်ပတ်သက်နေတာတွေကို မကြာခဏ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ထိုင်းဘုန်းကြီးတပါးကို ဇိမ်ခံကားတစီး လက်ဝယ်ပိုင်ဆိုင်မှုနဲ့ မသင်္ကာရာက ရဲတွေ ဖမ်းဆီးစစ်ဆေးခဲ့ချိန်မှာ သူက ငြင်းပယ်ခဲ့တဲ့အတွက် အဲဒီကားကို သိမ်းဆည်းထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
5 years Ago
Up