ထိုင်ဝမ်တောင်တန်းပေါ် ၉ နာရီကြာ

December 5, 2017

ထိုင်ဝမ်တောင်တန်းပေါ် ၉ နာရီကြာ ထွက်ပေါ်ခဲ့သည့် အံ့ဖွယ်ထူးခြား သက်တံ (ရုပ်သံ)

    သက်တံတွေ ဖြစ်ပေါ်တဲ့ ကာလဟာ အချိန်ကာလအားဖြင့် တိုတောင်းပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုင်ဝမ်တောင်တန်းပေါ် ထွက်ပေါ်ခဲ့တဲ့ သက်တံကတော့ တကယ့်ကို ကာလကြာရှည် စံချိန်တင်နိုင်ခဲ့ပါတယ်။ အဆိုပါသက်တံဟာ အချိန် ၉ နာရီ ကြာဖြစ်ပေါ်ခဲ့ပြီး တရုတ်ယဉ်ကျေးမှုတက္ကသိုလ်ကနေ လှမ်းမြင်ခဲ့ရတာ ဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာ ၄ ရက်နေ့က ဖော်ပြပါတယ်။ တက္ကသိုလ်မှ ဆရာတွေနဲ့ ကျောင်းသားတွေဟာ အံ့သြစရာကောင်းတဲ့ ဒီအဖြစ်အပျက်ကို ဓာတ်ပုံတွေ၊ ရုပ်သံဗွီဒီယိုတွေ ရိုက်ကူးပြီး မှတ်တမ်းတင်ထားခဲ့ကြတာပါ။ တက္ကသိုလ်မှ ကမ္ဘာ့လေထုသိပ္ပံဆိုင်ရာဌာနမှ ပါမောက္ခ ချောင်ကွမ်းဆွမ်က “ဒါ တကယ့်ကို အံ့ဖွယ်ပါပဲ။ တကယ့်ကို ထူးခြားတဲ့ ကောင်းကင်က ပေးတဲ့ လက်ဆောင်တခုလို ခံစားရပါတယ်”လို့ ပြောပါတယ်။ မှတ်တမ်းတွေအရ ဒီဖြစ်စဉ်မှာ သက်တံဟာ မနက် ၆ နာရီ ၅၇ မိနစ်ကနေ ညနေ ၃ နာရီ ၅၅ မိနစ်အထိတိုင် ဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး စုစုပေါင်းကြာမြင့်ချိန် ၈ နာရီနဲ့ ၅၈ မိ နစ်တိတိ ကြာခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာလည်း အင်္ဂလန်နိုင်ငံ၊ ယော့ခ်ရှိုင်းယားဒေသမှာ ကာလရှည်ကြာ ထွက်ပေါ်တဲ့ သက်တံ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပေယ့် အချိန် ၆ နာရီသာ ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ ခုဖြစ်စဉ်ကို အတည်ပြုနိုင်မယ်ဆိုရင် ဂီးနက်စ်ကမ္ဘာ့စံချိန်တင်နိုင်မှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သက်တံတွေဟာ သာမန်အားဖြင့် အချိန်တနာရီအထိသာ ဖြစ်ပေါ်လေ့ရှိတယ်လို့ ဂီးနက်စ်ကမ္ဘာ့စံချိန်ဝက်ဘ်ဆိုဒ်က ဆိုပါတယ်။ လက်ရှိမှာတော့ တက္ကသိုလ်မှ တာဝန်ရှိသူတွေဟာ ဒါကို သက်သေပြနိုင်ဖို့ အထောက်အထား ခိုင်လုံတဲ့ သက်သေ အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up