ထိုက်ရှန်း နျူကလီးယားစီမံကိန်း

June 16, 2021

ထိုက်ရှန်း နျူကလီးယားစီမံကိန်းမှ ဓာတ်ရောင်ခြည်ပမာဏ ပုံမှန်အတိုင်းရှိဟု တရုတ် ပြော

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ကွမ်တုံပြည်နယ်က ထိုက်ရှန်းနျူကလီးယားစီမံကိန်းပတ်လည်မှာ ဓာတ်ရောင်ခြည်ပမာဏဟာ ပုံမှန်အတိုင်း ရှိနေတယ်လို့ တရုတ်အစိုးရက ဇွန်လ ၁၅ ရက်မှာ ပြောပါတယ်။

ဓာတ်ပေါင်းဖိုတွေထဲက တလုံးမှာ ယိုစိမ့်တာတွေ ရှိနေတယ်လို့ မီဒီယာတွေက အစီရင်ခံအပြီး ခုလို တုံ့ပြန်ဖြေရှင်းလိုက်တာပါ။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက “စက်ရုံမှာ လိုအပ်အချက် အားလုံး ပြည့်မီတယ်။ မြင်ရသလောက် ပုံမမှန်ဖြစ်နေတာ တခုမှ အရိပ်လက္ခဏာတောင် မရှိဘူး။ ဘေးကင်းဖို့ အာမခံတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စက်ရုံကနေ ရေဒီယိုသတ္တိကြွဓာတ်ငွေ့တွေ ပုံမှန်မဟုတ်တဲ့အဆင့်ထိ ယိုစိမ့်နေတယ်ဆိုတဲ့ မီဒီယာ သတင်းတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ စီမံကိန်းပိုင်ရှင်တွေထဲက တဖွဲ့ဖြစ်တဲ့ ပြင်သစ် လျှပ်စစ်စွမ်းအင်ကုမ္ပဏီ EDF က ဇွန်လ ၁၄ ရက်မှာ ပြောပါတယ်။

ခရစ်ပ်တွန်နဲ့ ဇီနွန်ဓာတ်ငွေ့တွေ ပုံလာနေလို့ စီမံကိန်းထဲမှာ ရေဒီယိုသတ္တိကြွ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး EDF ရဲ့ ဌာနခွဲ ဖရာမာတိုမေ ဆောက်လုပ်ရေးကုမ္ပဏီက သတိပေးထားတယ်လို့ CNN သတင်းမှာဖော်ပြပါတယ်။

ဖရာမာတိုမေကုမ္ပဏီက ပံ့ပိုးတဲ့ လောင်စာချောင်းတွေေကြောင့် စက်ရုံမှာ ပြဿနာဖြစ်နိုင်တယ်လို့ EDF က ဇွန် ၁၄ ရက်နေ့က ပြောပါတယ်။

၂၀၁၉ မှာ ပြီးစီးခဲ့တဲ့ ထိုက်ရှန်းစီမံကိန်းမှာ ပြင်သစ်က ပုံစံထုတ်ထားတဲ့ ဓာတ်ပေါင်းဖို ၂ လုံးပါပြီး ဟောင်ကောင်နဲ့ ၁၂၄ မိုင်ဝေးတဲ့ နေရာမှာ ရှိပါတယ်။

7 months Ago
Up