AstraZeneca ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းမှု ဆိုင်ရာ ပိုအသေးစိတ်တဲ့ အချက်အလက်တွေကို မြင်ရဖို့ စောင့်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ သိပ္ပံပညာရှင်အကြီးအကဲ ဆိုမီယာဆွာမိနာသန်က နိုဝင်ဘာ ၂၃ရက်မှာ ပြောလိုက်ပါတယ်။
ကမ္ဘာ့လူဦးရေ ၇ ဒသ ၈ ဘီလီယံအတွက် လုံလောက်တဲ့ ထိုးဆေးတွေကို ပံ့ပိုးနိုင်ဖို့ တခြား ကာကွယ်ဆေး ထုတ်လုပ်သူတွေလည်း အားထုတ်မှု မလျှော့လိုက်ကြဖို့လည်း တိုက်တွန်းပါတယ်။
AstraZeneca ကုမ္ပဏီကတော့ သူ့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ထိရောက်မှု ၉၀ ရာခိုင်နှုန်းလောက် ရှိနိုင်တယ်လို့ မနေ့က ကြေညာခဲ့တာပါ။ သူ့ရဲ့ ဆေးဟာ ပြိုင်ဘက်တွေထက် ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုသက်သာပြီး ဖြန့်ဖြူးရလွယ်သလို ပမာဏများများ ပိုမြန်မြန် ထုတ်နိုင်တယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေက ကိန်းဂဏန်းသေးသေးအပေါ်မှာ အခြေခံ တွက်ချက်ထားတာ ဖြစ်နေတယ်လို့ ဆွာမိနာသန်က ထောက်ပြပါတယ်။
ကမ္ဘာ့ ကာကွယ်ဆေးမျှဝေရေး အစီအစဉ်အတွက် ကာကွယ်ဆေး ထိုးဆေး လုံးရေ ၄ ဒသမ ၃ ဘီလီယံ အရေးပေါ်လိုအပ်နေပြီး အဆင်းရဲဆုံးနဲ့ အထိခိုက်မခံနိုင်ဆုံးလူတွေ ကာကွယ်ဆေးမရဘဲ ကျန်ရစ်ခဲ့နိုင်တယ်လို့ WHO ရဲ့ ညွှန်ချုပ် တေဒရိုအဒါနွန် ဂေဘရီယေးဆပ်က ပြောဆို သတိပေးပါတယ်။
WHO နဲ့ GAVI ကာကွယ်ဆေး အုပ်စုတို့ ထူထောင်တဲ့ ကိုဗက်စ် ကာကွယ်ဆေး မျှဝေရေး စီမံကိန်းကို ဒါဇင်ချီတဲ့ နိုင်ငံတွေက လက်မှတ်ထိုးပြီးပါပြီ။
ကာကွယ်ဆေးဝယ်ဖို့ မတတ်နိုင်တဲ့ နိုင်ငံတွေအတွက် ကာကွယ်ဆေးပံ့ပိုးဖို့ ရည်မှန်းထားပါတယ်။
လောလောဆယ် ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ လျာထားပြီး ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၆၀၀ လှူထားပါတယ်။
2 years Ago