မြောက်ကိုရီးယားစစ်တပ်ရဲ့ စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံမီဒီယာ KRTက ဒီဇင်ဘာ ၂၂ရက်မှာ သတင်းထုတ်လွှင့်သွားပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်အစိုးရနဲ့ ပြန်ပြီးထိပ်တိုက်တွေ့ဆုံနိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ကင်မ်က အခုလို စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲ ခေါ်ယူလိုက်တာပါ။
အဲဒီဆွေးနွေးမှုအတွင်း အမျိုးသားကာကွယ်ရေးနဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် စစ်ဘက်ဆိုင်ရာစွမ်းရည် မြှင့်တင်ဖို့ အဓိကအချက်တွေကို ခြုံငုံဆွေးနွေးခဲ့ကြတယ်လို့ KRT သတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့ အဲဒီဆွေးနွေးပွဲကို ဘယ်နေ့၊ ဘယ်အချိန်က ကျင်းပခဲ့တယ်ဆိုတာနဲ့ ဘာတွေ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်ဆိုတာကိုတော့ KRTက မဖော်ပြခဲ့ပါဘူး။
နျူကလီးယားအစီအစဉ်တွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးထူထောင်ဖို့ ကတိပြုထားတဲ့ မြောက်ကိုရီးယားရဲ့ကတိကဝတ်တွေ တိုးတက်လာရေးအတွက် အမေရိကန် အစိုးရဘက်က ရန်လိုတဲ့ မူဝါဒတွေ ပြောင်းလဲဖို့ ကင်မ်က အခုနှစ်ကုန်အထိ အချိန်ကန့်သတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်သံတမန် စတီဖန်ဘီဂန်ဟာ တောင်ကိုရီးယားနဲ့ တရုတ်ကို သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ခေါ်ဆောင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
1 year Ago