ပြီးခဲ့တဲ့ သောကြာနေ့က ရုံတင်ပြသခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပွဲနောက်ခံ ဒရာမာရုပ် ရှင်ကားတကားဖြစ်တဲ့ Midway ဟာ ပထမသီတင်းပါတ်မှာတင် Box Office ရုံတင်ဝင်ငွေ ဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ဒီကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိပြီး နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်တဲ့ Independence Day ၊ Godzilla ၊ The Patriot ၊ The Day After Tomorrow စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဂျာမန်ရုပ်ရှင်ဒါရိုက်တာ Roland Emmerich က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
Midway ဆိုတာကတော့ ဒုတိယကမ္ဘာစစ်ကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ တိုက်ပွဲတခု ဖြစ်ပါတယ်။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး ခြောက်လအကြာမှာတော့ ဂျပန်တွေဟာ အမေရိကန်တပ်တွေကို နောက်တကြိမ် အလစ်အငိုက်တိုက်ဖို့ ကြံစည်ခဲ့တာပါ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘဲ လုံးဝရှုံးနိမ့်ခဲ့ရတဲ့ တိုက်ပွဲကြီးတခု ဖြစ်ခဲ့တာမို့ အဲဒီအခြေအနေတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ဖန်တီးရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ed Skrein ၊ Patrick Wilson ၊ Luke Evans ၊ Aaron Eckhart တို့နဲ့အတူ အဆိုတော်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Nick Jonas နဲ့ Mandy Moore တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ လတ်တလောမှာတော့ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသတဲ့ ပထမသီတင်းပတ်မှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်း၊ နိုင်ငံတကာဝင်ငွေ ၄ ဒသမ ၅ သန်း၊ စုစုပေါင်း ၂၂ သန်းနဲ့ ဦးဆောင်နေခဲ့တာပါ။
သူ့နောက်မှာတော့ သီတင်းတပတ်တည်း တပြိုင်တည်းရုံတင်ပြသခဲ့တဲ့ နာမည် ကြီးရုပ်ရှင် Doctor Sleep က ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁ သန်းနဲ့ ရပ် တည်နေခဲ့တာဖြစ်ပြီး ဒီကားရဲ့နောက်မှာတော့ Playing With Fire နဲ့ Last Christmas ရုပ်ရှင်ကားတွေက ရုံတင်ဝင်ငွေ ၁၂ ဒသမ ၈ သန်း၊ ၁၁ ဒသမ ၆ သန်းစီနဲ့ အသီးသီး ရပ် တည်နေကြတာပါ။
အဲဒီကားတွေရဲ့နောက်မှာတော့ သီတင်း ၂ ပတ် ရုံတင်ပြသနေတဲ့ နာမည်ကြီး မင်း သားကြီး အာနိုးပါဝင်ထားတဲ့ Terminator: Dark Fate ရုပ်ရှင်က သီတင်းပါတ်ကုန်ဝင်ငွေ ၁၀ ဒဿမ ၈ သန်း၊ စုစုပေါင်း ရုံတင်ဝင်ငွေ ၄၈ ဒဿမ ၅ သန်းနဲ့ ရပ်တည်နေခဲ့တာ ဖြစ် ပါတယ်။
ခုသီတင်းပတ်ကုန်မှာ Midway ရုပ်ရှင်က ရုံတင်ဝင်ငွေ ထိပ်ဆုံးက ရပ်တည်ခဲ့ပေမယ့် ဒါဟာ မျှော်လင့်မထားတဲ့ ရလဒ်တခုဖြစ်ပြီး ဒီပမာဏဟာ ရုပ်ရှင်ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ နှိုင်းစာရင်တော့ နည်းပါးနေသေးပြီး အမြတ်ငွေရရှိနိုင်ဖို့ အားထုတ်ရဦးမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။
3 years Ago