ထိပ်တိုက်တင်းမာမှုတွေ မဖြစ်အောင် သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့ လိုတယ် - ဦးကိုကိုကြီး

April 30, 2016

ထိပ်တိုက်တင်းမာမှုတွေ မဖြစ်အောင် သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့ လိုတယ် - ဦးကိုကိုကြီး

လက်ရှိနိုင်ငံရေး အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေးတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ အခုအစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီး လွတ်လာတယ်။ အဲ့ဒီအပေါ်မှာ ဦးကိုကိုကြီးရဲ့ အမြင်ပေါ့။ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံး လွတ်လာနိုင်တဲ့ အနေအထားမျိုး ရှိပြီးတော့ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝမရှိတော့တဲ့ အနေအထားမျိုး ဖြစ်သွားနိုင်လားခင်ဗျ။ “အရင်ဆုံးပြောချင်တာကတော့ ကျနော်တို့ ရာစုနှစ်တ၀က်လောက် အရပ်သားစစ်စစ်သမ္မတ ကျနော်တို့နိုင်ငံမှာ တင်မြှောက်ခွင့် မရခဲ့ဘူးပေါ့။ အခု ဒါ ပထမဦးဆုံး အရပ်သားစစ်စစ် သမ္မတတယောက် အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရခဲ့တယ်ဆိုတာက ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုမှာ ထင်ရှားတဲ့ ရလဒ်တခု ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့က အရင်ဆုံး သမ္မတကြီးဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်၊ နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကြိုးပမ်းမှုထဲမှာ သိသာထင်ရှားတဲ့ ရလဒ်လည်းဖြစ်ပါတယ်။ ကျနော်တို့တွေ ရှစ်လေးလုံးအရေးတော်ပုံစပြီး တက်တက်ကြွကြွနဲ့ ပါဝင်လာခဲ့တဲ့ အချိန်ကစပြီးတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားခွင့်၊ စည်းရုံးခွင့်ဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဉ်းတဲ့ အခြေအနေကို ကျနော်တို့တွေ ဖောက်ထွက်လာခဲ့တာ။ ဆိုတော့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကျင့်သုံးလို့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆိုတာဟာ တကယ်တော့ မရှိသင့်ဘူးပေါ့။ ဒါကြောင့်မို့လို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတဲ့ကိစ္စကို ကျနော်တို့တွေ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ ကျနော်တို့ ကျေးဇူးလည်းတင်ပါတယ်။ ဆိုတော့ တချိန်တည်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲပေါ့၊ ဒါကို အကြောင်းပြုပြီးတော့ တတိယနိုင်ငံတွေကို ရောက်နေတဲ့ ကျနော်တို့ ရဲဘော်တွေရှိတယ်။ ဆိုတော့ မိတကွဲ ဖတကွဲနဲ့၊ ဒါ အခု ဆယ်စုနှစ်သုံးခုနီးပါးလောက် ရှိသွားပြီ။ ဆိုတော့ ဒီပုဂ္ဂိုလ်တွေကို နိုင်ငံတွင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လာနိုင်ဖို့ သူတို့ ဆန္ဒအလျောက်။” ဆိုလိုချင်တာက ဒီအစိုးရသစ်အနေနဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိုပေါ့။ အဲ့လိုပုံစံမျိုး ပေးစေချင်တယ်ဆိုတာ ပြောချင်တာလား။ “အဓိကကတော့ ကျနော်က ထောင်ထဲက အုတ်ရိုးထဲကလူတွေ လွတ်လာပြီ။ နိုင်ငံအပြင်ရောက်နေတဲ့ ကျနော်တို့ရဲဘော်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း ကျနော်တို့က ပြန်ပြီးတော့ နိုင်ငံတွင်းမှာ အပြောင်းအလဲကို သူတို့ကိုယ်တိုင်လည်း သူတို့ရဲ့ ဗဟုသုတ အတွေ့အကြုံတွေကို ပါဝင်ဆောင်ရွက်ခွင့်ပေါ့။ အဲ့လိုအခြေအနေမျိုး ကျနော်တို့က ရစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်လက်ထက်တုန်းက ပြည်ပရောက် လှုပ်ရှားတက်ကြွသူတွေ ပြန်လာရင် တယောက်ချင်း၊ အားလုံးကို မူအနေနဲ့ လုပ်တာမဟုတ်ဘဲနဲ့ ဘယ်သူ့ကို ခွင့်ပြုတယ်။ ဘယ်သူ့ကို ခွင့်မပြုဘူး။ တချို့ဆိုရင်လည်း ၀င်ခွင့်ပြုတယ်။ ပြန်ထွက်သွားပြီးတော့ နောက်တခါ ပြန်ဝင်လို့မရတော့ဘူး၊ အစရှိသဖြင့်ပေါ့နော်။ အမျိုးမျိုးရင်ဆိုင်နေရတော့ သူတို့ကို ဘာပဲပြောပြော မူတခု သတ်မှတ်ပြီးတော့ နိုင်ငံတွင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့ဆန္ဒအလျောက် နိုင်ငံသား ပြန်လည်ခံယူခွင့်၊ ရယူခွင့်က စပြီးတော့ အဲ့ဒါတွေ ဆောင်ရွက်ပေးသင့်တယ်လို့ ကျနော် မြင်ပါတယ်။” နောက်တခုက လတ်တလော လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေမှာ ကျောင်းသားတွေ အများကြီးပါတယ်။ အခု ကျောင်းသားတွေနဲ့ ပတ်သက်လို့လည်း တချို့ ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သံတွေ ထွက်နေတာတွေရှိတယ်၊ တချို့ပြောတဲ့ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး။ ဆိုတော့ လက်ရှိ ပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပညာရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ကျောင်းသားတွေနဲ့ အစိုးရသစ်ကြားမှာ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်လဲ။ “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ပြောရရင် ကျောင်းသားတွေကနေပြီးတော့ စတင်ပြီးတော့ လှုပ်ရှားခဲ့တဲ့ သဘောရှိတယ်။ ပြီးတော့မှ ပြည်သူတွေအားလုံး ပါဝင်လာပြီးတော့ တကယ့်နိုင်ငံရေးစနစ်တွေပါ ဥပမာအားဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာဆိုရင် ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်မှုနဲ့ ကျနော်တို့ လွတ်လပ်ရေးရတဲ့အထိ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍတွေ ပါဝင်ခဲ့တယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာလည်း ကျနော်တို့ ၈၈ အရေးတော်ပုံ၊ ဒီမတိုင်ခင်ကဆိုရင် ၆၂၊ ၇၄/၅/၆ ပေါ့။ ဆိုတော့ တောက်လျှောက် ကျောင်းသားလှုပ်ရှားမှုဟာ မြန်မာနိုင်ငံသမိုင်းမှာ အရေးကြီးတယ်။ ဒီ့နောက်ပိုင်းမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို အကူးအပြောင်း လမ်းခုလပ် ရောက်နေတဲ့အချိန်မှာ ဒီကျောင်းသားတွေရဲ့ အခွင့်အရေးတွေ၊ နောက် သူတို့ရဲ့ တရားဝင် သမဂ္ဂဖွဲ့စည်းခွင့်တွေဟာ အစိုးရသစ်အနေနဲ့ မလွဲမသွေ ရင်ဆိုင်ရမယ့် ဖြေရှင်းရမယ့် ကိစ္စတွေလို့ ကျနော်မြင်တယ်။ တဘက်ကလည်း ကျောင်းသားထုအနေနဲ့က ကိုယ့်ရဲ့တောင်းဆိုချက်တွေ၊ ကိုယ့်ရဲ့ဆန္ဒတွေကိုပြောတဲ့ ထုတ်ဖော်တဲ့နေရာမှာ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် တဘက်ကလည်း ကျောင်းသားတွေဘက်က ပြင်ဆင်ဖို့လိုတယ်။ အစိုးရသစ်အနေနဲ့ကလည်း ဒီကျောင်းသားလူငယ်တွေနဲ့ ဆက်ဆံရေးကို ညှိနှိုင်းတဲ့ ဆွေးနွေးတဲ့ ဖြေရှင်းတဲ့ ဆက်ဆံရေးမျိုးဖြစ်ဖို့ ကြိုးစားကြလိမ့်မယ်လို့ ကျနော်တော့ အဲ့လိုပဲမျှော်လင့်ပါတယ်။” ကျောင်းသားတွေ အခုလွတ်လာပြီ၊ ကျောင်းသားသမဂ္ဂ အဆောက်အဦ ဆောက်မယ်လို့ တောင်းဆိုထားတာတွေ ရှိတယ်။ နောက်ဆုံးဖြစ်ထွန်းမှုက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာရှိတယ်။ အဲ့လိုတောင်းထားတဲ့ အပေါ်မှာလည်း တချို့တွေက ဝေဖန်တာတွေ ရှိတယ်။ ဒီကိစ္စမျိုးက လတ်တလော အစိုးရသစ်အတွက် အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စမျိုးမဟုတ်ဘူး ဘာညာဆိုပြီး ပြောနေတာတွေ ရှိတယ်။ အဲ့အပေါ်မှာကော ဦးကိုကိုကြီးအမြင် ဘယ်လိုရှိလဲ။ “ဒီအစိုးရအပြောင်းအလဲဟာ သာမန် ဒီမိုကရေစီ အသားကျပြီးသား နိုင်ငံတွေမှာ ပြောင်းလဲတဲ့ အပြောင်းအလဲ မဟုတ်ဘူး၊ ရင်ဆိုင်ရမယ့် အခက်အခဲတွေ ပြဿနာတွေ အများကြီးရှိတော့ ဦးစားပေးအဆင့်တွေကို ဒီအစိုးရသစ်အနေနဲ့ သတ်မှတ်ပြီး တဆင့်ပြီးတဆင့် လုပ်သွားရမယ့် ဟာတွေရှိမယ်။ တဘက်က ကျောင်းသားတွေအပိုင်းကလည်း ဒီဘက်က အစိုးရသစ်က ဥပမာအားဖြင့် ၀န်ကြီးဌာနတွေ လျှော့ချတာ၊ ၀န်ထမ်းတွေကို ၀န်ကြီးဌာနတွေ ပေါင်းစည်းတာတွေ၊ ပြင်ဆင်တာတွေ ဆိုတော့ ဒီဟာက အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးလို့ အာရုံစိုက်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ နောက် နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ တာဝန်ယူတဲ့ အခါကျတော့ အရင်အစိုးရ အဆက်ဆက်က ဒီနိုင်ငံခြားရေးမူဝါဒရဲ့ အကျိုးသက်ရောက်မှုတွေဟာ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းကိစ္စတွေမှာပါ ရိုက်ခတ်တာတွေ ရှိတယ်ပေါ့။ အဲ့လို အရေးကြီးကိစ္စတွေ ဖြေရှင်းနေတဲ့အချိန်မှာ ကျောင်းသားတွေအနေနဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတယ်ဆိုတာ သဘာဝကျတယ်။ ကျနော်လည်း ဒါကိုလက်ခံတယ်။ တဘက်ကလည်း ကျောင်းသားတွေဘက်က နားလည်မှုတော့ ပေးဖို့လိုတယ်။ ဘာလို့လဲဆိုတော့ အစိုးရသစ်အနေနဲ့ ရက် ၁၀၀ အတောအတွင်းမှာ သူ ဦးစားပေးအစီအစဉ်တွေ လုပ်နေရတာတွေ ရှိတယ်။ အဲ့ဒီအထဲမှာ တခုပြီးတခု အစီအစဉ်အလိုက်တော့ ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်တယ်ပေါ့။ ဒီကျောင်းသားတွေ ကိစ္စကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ၊ အထူးသဖြင့် ပညာရေးဆိုတာ နိုင်ငံရဲ့ အခြေခံအကျဆုံး ကိစ္စလည်းဖြစ်တော့ ဒီဟာက အခြားဝန်ထမ်း အုပ်ချုပ်ရေးအပြောင်းအလဲ၊ နိုင်ငံခြားရေးမူဝါဒတွေ ပြန်ပြီးတော့ ချမှတ်ထားတဲ့ ကိစ္စတွေ၊ နောက် တိုင်းရင်းသား ငြိမ်းချမ်းရေးကိစ္စတွေ အဲ့ဒါတွေနဲ့နည်းတူ ပညာရေးကိစ္စ၊ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ကိစ္စလည်း ဖြစ်ပေါ်လာလိမ့်မယ်။ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော်တော့ အဲ့လိုပဲ မျှော်လင့်တယ်။” နောက်တခုက စစ်တပ်နဲ့၊ အရပ်ဘက် ဆက်ဆံရေးပေါ့။ လက်ရှိအစိုးရကလည်း အရပ်သားအများစု အစိုးရပေါ့။ သို့သော်ငြားလည်းပဲ ဒီ ကာလုံဆိုတာလည်းရှိတယ်။ ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့ဆိုတာ၊ နယ်စပ်ရေးရာပါရှိပြီးတော့ အရပ်ဘက်နဲ့ စစ်ဘက် ဆက်ဆံရေးကကော တကယ်ချောမွေ့မှ အခုပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးတို့၊ တိုင်းပြည်တိုးတက်ရေးဆိုတာ သွားနိုင်မှာဆိုတော့ အခုလောလောဆယ် အရပ်ဘက်နဲ့ စစ်တပ်ဆက်ဆံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ခဲ့တဲ့နောက်ပိုင်းမှာ ဒီ စစ်ဘက်နဲ့ အရပ်ဘက် ဆက်ဆံရေးမှာ နည်းနည်းလေး ဝေးသွားတယ်လို့ သုံးသပ်ထားတာတွေ ရှိတယ်။  ဘယ်လိုမြင်လဲခင်ဗျ။ “ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီရေးလို့ပြောရင် ဒီ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးက ထိပ်တန်းဦးစားပေး ပြဿနာရပ်လို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ သမားရိုးကျ ပုံမှန် ဒီမိုကရေစီဖြစ်ထွန်းနေတဲ့ နိုင်ငံတွေမှာက စစ်တပ်ဟာ အရပ်ဘက်အုပ်ချုပ်မှုရဲ့ အောက်မှာပဲ ရှိရမယ်ဆိုတဲ့ ဒါက မူအရပြောတာ။ ကျနော်တို့လို နိုင်ငံတွေမှာကျတော့ ရာစုနှစ်တ၀က်လောက်က စစ်တပ်က နိုင်ငံရေးကို ဦးဆောင်လာတာလို့ ပြောလို့ရတယ်။ ဆိုတော့ ကျနော်တို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒါ ပြည်ထောင်စုကြီး ပြိုကွဲတော့မယ်၊ ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုတဲ့ အယူအဆတွေပေါ့လေ။ တည်ဆောက်ပြီးတော့ နိုင်ငံရေးမှာ တောက်လျှောက်ပါလာတာ။ အဲ့တော့ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းကျမှ စစ်တပ်က တဖြည်းဖြည်းပြန်ပြီးတော့ သူက ၂၅ ရာခိုင်နှုန်းဆိုတဲ့ အထိုင်ကို သူကဆုတ်သွားတယ်။ တဘက်ကပြောရင် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်း လျှော့လာတယ်လို့ ကျနော်တို့က အဲ့လိုမြင်ရတယ်။ သို့သော် တဘက်က ၇၅ ရာခိုင်နှုန်းထဲမှာလည်းပဲ အရင်အစိုးရဆိုရင် စစ်တပ်က ကျောထောက်နောက်ခံပေးတယ်။ အစိုးရကပဲ အများစုအဖြစ်နဲ့ ဆက်ဖြစ်နေတော့၊ ပြီးခဲ့တဲ့ ငါးနှစ်ကာလမှာတော့ ဒီ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးဟာ မည်ကာမတ္တအဆင့်ပဲရှိတယ်။ အခုကျတော့ ၇၅ ရာခိုင်နှုန်းဟာ ပြောရရင်တော့ အရပ်ဘက်က အများစု၊ ၇၅ ရာခိုင်နှုန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက် ငါးပုံလေးပုံလောက်က အန်အယ်လ်ဒီက အနိုင်ရသွားတဲ့အတွက်ကြောင့် အရပ်သားလွှမ်းမိုးတဲ့ လွှတ်တော်၊ အရပ်သားလွှမ်းမိုးတဲ့အစိုးရ ဖြစ်လာတယ်။ ဒါပေမယ့် ၂၅ ရာခိုင်နှုန်းလောက်ကတော့ အခိုင်အမာ ဆက်ပြီးတော့ ရှိနေတယ်။ ရှိနေတော့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို စဉ်းစားတဲ့အခါမှာ တဘက်က ကိုယ့်ရဲ့ တန်ဖိုးထားတဲ့မူတွေ၊ တန်ဖိုးတွေကို အခိုင်အမာ ပြောတာကတပိုင်း၊ တဘက်က လက်တွေ့ဆောင်ရွက်မှုအပိုင်းမှာ သိပ်ပြီးတော့ ထိပ်တိုက်ဖြစ်တဲ့ တင်းမာမှုတွေ မဖြစ်အောင်လည်း ကျနော်တို့ဘက်က သတိကြီးကြီးထားပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်ပေါ့။ တဘက်က စစ်တပ်ဘက်ကလည်း သူ့နိုင်ငံရေး အယူအဆတွေ၊ အမြင်တွေက တလျှောက်လုံး သူ့ဘာသူ အခိုင်အမာ သူက တည်ဆောက်ထားခဲ့တယ်။ ဆိုတော့ တဘက်တည်းမှာ အရပ်သားတွေရဲ့အမြင်ပေါ့။ အရပ်ဘက် နိုင်ငံရေးသဘောထားတွေကိုလည်း သူ့ဘက်က အလေးအနက်ထားဖို့လိုတယ်။ အဲဒါမှ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကို ပုံမှန်အခြေအနေရောက်အောင် လုပ်လို့ရမယ်လို့ ကျနော်တော့မြင်တယ်။ ပြီးတော့ အရေးအကြီးဆုံးပြဿနာက စစ်ဘက် အရပ်ဘက် ဆက်ဆံရေးဆိုရင် စစ်တပ်ဘာ့ကြောင့် နိုင်ငံရေးထဲကို ပါလာသလဲဆိုတဲ့ အကြောင်းပြချက်က ပြည်တွင်းစစ်ကို အကြောင်းပြပြီးတော့ ပါလာတယ်။ အဲ့တော့ ပြည်တွင်းစစ်ဆိုတာကလည်း ဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး ပြဿနာ။ ဆိုတော့ အဲ့ဒီဟာကို ကျနော်တို့က ဟန်ချက်ညီအောင် မလုပ်နိုင်ဘူးဆိုရင် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမှာလည်း ပုံမှန်မဖြစ်နိုင်ဘူး။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို ကျနော်တို့က ပုံမှန်အခြေအနေရောက်အောင် ကြိုးစားတော့မယ်ဆိုရင် တဘက်က ပြည်တွင်းစစ်ပြဿနာကို ကျနော်တို့ ဘယ်လိုဖြေရှင်းသလဲ ဆိုတာနဲ့ ချိတ်ဆက်နေတယ်လို့ ကျနော်တော့ အဲ့လိုမြင်တယ်။” ပြီးခဲ့တဲ့ နောက်ဆုံး ပါလီမန်မှာဆိုရင် ဘာပဲပြောပြော စစ်တပ်နဲ့ အရပ်သားအစိုးရကြားမှာ တော်တော်လေး ထိတွေ့ပွတ်တိုက်မှုတွေ များတယ်၊ ဒါတောင် အစပိုင်းပဲ ရှိသေးတယ်။ နောက်ပိုင်းအခြေအနေမှာ ဒီ့ထက်ပိုများလာပြီးတော့ ဆက်ဆံရေးတွေ ထိခိုက်သွားတာတွေ ရှိလာနိုင်မလား၊ ဘယ်လိုသုံးသပ်လဲ။ “အဲ့ဒါက တဘက်တည်းနဲ့တော့ မဆိုင်ဘူးလို့ ထင်တယ်။ ကျနော်တို့ အင်္ဂလိပ်လိုတော့ State Holder လို့ ပြောတာပေါ့။ နိုင်ငံမှာ အဓိကအခန်းကဏ္ဍကနေ ဆုံးဖြတ်ချက်ပေးရတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်နေသဘောထား၊ သူတို့အယူအဆ ချဉ်းကပ်မှုတွေပေါ့။ အဲ့ဒါတွေအားလုံးနဲ့ ဆိုင်တယ်လို့ပဲမြင်တယ်။ နိုင်ငံက အိမ်နီးချင်းနိုင်ငံတွေ ကြားထဲမှာတောင်မှ ကျနော်တို့က အများကြီး နောက်ကျပြီးတော့ ကျန်နေခဲ့တဲ့အချိန်မှာ အရပ်သား နိုင်ငံရေးအင်အားစုတွေကော၊ တပ်မတော်ဘက်က နိုင်ငံရေးအင်အားစုတွေ အားလုံးက နိုင်ငံကို တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ချင်တယ် ဆိုတာကတော့ ကျနော်ကတော့ ယုံတယ်။ အားလုံးမှာ ဒီဆန္ဒရှိတယ်။ ဒါပေမယ့် အဲ့ဒီဟာကို အကောင်အထည်ဖော်တဲ့အခါမှာ အရှိန်ပေါ့ Speed ပေါ့။ အဲ့ဒီ Speed မှာ စစ်တပ်ဘက်က သူက လုံခြုံရေးရှုထောင့်ကကြည့်တာ သိပ်လွန်ကဲတဲ့ အခါကျတော့ တည်ငြိမ်ရေးဆိုတာကို သိပ်ပြီးတော့ ဦးစားပေးတဲ့အချိန်မှာ ကျနော်တို့ လွတ်လပ်ခွင့်တွေကို လာထိခိုက်တယ်။ ကျနော်တို့က လွတ်လပ်ခွင့်ဆိုတာတွေကို သိပ်ပြီးတော့ ဇောင်းပေးတဲ့အခါကျရင် စစ်တပ်က တည်ငြိမ်မှုကို ထိခိုက်တယ်လို့ သူက ဘာသာပြန်တယ်။ ဆိုတော့ အဲ့ဒီ အကွာအဟပေါ့။ အဲ့ဒါကို ကျနော်တို့ ညှိနှိုင်းနိုင်ဖို့လိုတယ်။ နိုင်ငံရေးတည်ငြိမ်မှုဆိုတာဟာ လွတ်လပ်ခွင့်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာမျိုး၊ ထိပါးတာမျိုး မဟုတ်ဘဲနဲ့ နိုင်ငံရေးတည်ငြိမ်မှုရအောင် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကို ကျနော်တို့က နည်းလမ်းရှာသင့်တယ်လို့ မြင်တယ်။” အစိုးရသစ်လက်ထက်မှာ သေနတ်ပေါက်သံတွေ ကြားနေရတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လည်း ရခိုင့်တပ်မတော် (အေအေ) နဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ကချင်ပြည်နယ်မှာလည်း ဖြစ်နေတယ်။ အခု ရှမ်းပြည်မြောက်ပိုင်း အက်စ်အက်စ်ပီပီမှာ သူတို့တပ်ဆွဲထားတဲ့ တောင်ကြောကနေ ဆုတ်ခိုင်းနေတယ်။ အဲလိုမျိုး စစ်ရေးတွေ တင်းမာနေတဲ့အချိန်မှာ အက်စ်အက်စ်ပီပီကလည်း ဆုတ်မပေးဘူး ပြောထားတယ်။ ဒီလိုအခြေအနေမှာ အစိုးရသစ်လက်ထက် ဒီလိုတိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ်မှာ၊ စစ်တပ်နဲ့ သဘောထား တင်းမာနေတဲ့အပေါ်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လောက်ထိ ထိခိုက်နိုင်မယ်ထင်လဲ။ “ကျနော်တို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ပေါ့။ တခုတည်းသော သဘောတူညီချက် ဖြစ်တဲ့အထိ ကျနော်တို့ ၀ိုင်းပြီးတော့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြတယ်။ ဒါဟာ အသိအမှတ်ပြုရမယ့် အောင်မြင်မှုတခုလို့ မြင်တယ်။ သို့သော် တရားဝင် လက်မှတ်ထိုးတဲ့ အခါကျတော့ ၈ ဖွဲ့ပဲ လက်မှတ်ထိုးနိုင်တယ်။ ကျန်တဲ့ မထိုးရသေးတဲ့ အန်စီစီတီထဲမှာပါတဲ့ ၈ ဖွဲ့၊ နောက် တအာင်း၊ ပလောင်၊ အေအေ၊ ကိုးကန့်၊ အမ်အမ်ဒီအေ သူတို့သုံးဖွဲ့၊ ဟိုဘက်မှ ‘၀’ နဲ့ မိုင်းလား စသဖြင့် ဒါတွေကျန်နေတယ်။ ကျနော့်အမြင်အရ ပြောရရင်တော့ လက်မှတ်ထိုးပြီးသား ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ခိုင်ခိုင်မာမာ လိုက်နာမှုရှိအောင် တဘက်က ကျနော်တို့ ဆောင်ရွက်ဖို့လိုတယ်။ နောက်တခုက မထိုးရသေးတဲ့ နယ်မြေဒေသတွေမှာ တင်းမာမှုတွေ လျှော့ချဖို့၊ ဖြစ်နေတဲ့ပဋိပက္ခကို ကျယ်ပြန့်မလာအောင် ထိန်းချုပ်ဖို့၊ တားဆီးဖို့ ကျနော်တို့ အဲဒါ ဦးစားပေး ဆောင်ရွက်သင့်တယ်။ ပြီးတော့မှ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေပါ အန်စီအေထဲမှာ တဖြည်းဖြည်းချင်း ပူးပေါင်း ပါဝင်လာအောင် တဆင့်ချင်း ဆောင်ရွက်သင့်တယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ တပ်နဲ့ အစိုးရနဲ့ လွှတ်တော်နဲ့ ကြားထဲမှာ အခြေခံသဘောတူညီမှုတခုမျိုး ရှိသင့်တယ်လို့ ကျနော်မြင်တယ်။ အခုကတော့ အစိုးရသစ် လွှတ်တော်သက်တမ်း သိပ်နုသေးတဲ့အခါမှာ စစ်တပ်နဲ့ တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ သူတို့ ညှိနှိုင်းဆွေးနွေးထားနိုင်သလဲ သို့မဟုတ် မရှိသေးဘူးလားဆိုတာ ကျနော်တို့ မသိရသေးဘူး။ အဲတော့ ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်မယ်ဆိုရင် တစ်အချက်က အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့လိုတယ်။ နောက်တော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေ အားကောင်းခိုင်မာလာဖို့လိုတယ်။” တိုင်းရင်းသားဒေသထဲမှာ သေနတ်ပြန်ပေါက်တယ်၊ တိုက်ပွဲပြန်ဖြစ်တယ်ဆိုတော့ ဒီအစိုးရသစ်က ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ပေါ့လေ၊ တစုံတရာ ပြောဆိုဆွေးနွေးတာ မရှိသေးဘူးဆိုတာ ပေါ်လွင်နေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ နောက်တခုက အရင်အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှိတယ်ပေါ့။ ဒီ အမ်ပီစီရဲ့ လုပ်ငန်းတွေ အဲဒါတွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီက ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေမှာ ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ ပုံစံမျိုးကိုရော သေချာတိတိကျကျ ကြေညာထားတာ မရှိဘူး။ အဲဒီအပေါ်မှာကော ဘယ်လိုမြင်လဲ။ “နိုင်ငံတော်ကို ဦးဆောင်ခွင့်ရတဲ့ ပါတီကြီးတခု အနေနဲ့ကတော့ အင်မတန် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးပေါ့၊ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ပတ်သက်လို့ စဉ်းစားချက်တွေ၊ အစီအမံတွေတော့ ရှိလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။ မျှော်လင့်ပါတယ်။ အခုဟာကတော့ အစိုးရသစ်ရဲ့ ဦးစားပေး အစီအစဉ်တွေထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်ဖို့ ကိစ္စမှာလည်း အန်အယ်လ်ဒီဘက်က စီစဉ်ထားတာတွေ ရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့ မသိရသေးတာပေါ့။ နောက်ပိုင်း အဲဒီကိစ္စကို တိတိကျကျ ကိုင်တွယ်တဲ့အခါကျရင်တော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ သံတမန်တွေ ၇၀ လောက်ကို ခေါ်ပြီးတော့ နိုင်ငံခြားရေးမူဝါဒကို ရှင်းပြသွားတယ်။ အဲဒီမှာဆိုရင် ပြည်သူရဲ့ အင်အားနဲ့ တိုင်းပြည်ကို အင်အားကြီးနိုင်ငံဖြစ်အောင် တည်ဆောက်မယ်လို့ ပြောသွားတယ်။ ဒါပေမယ့် တဘက်မှာက တပ်မတော်က တောက်လျှောက်ကြွေးကြော်ခဲ့တာ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုပြီး၊ အဲဒီတော့ တခုနဲ့တခုက ဆန့်ကျင်ဘက်များ ဖြစ်နေသလားလို့၊ အဲဒီအပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါလဲ။ “တိုင်းပြည်ဆိုတာ၊ နိုင်ငံတော်ဆိုတာ State ပေါ့။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေနဲ့ ကင်းကွာနေတာ တော်တော်ကြာပြီ။ ဘာကြောင့်လဲဆိုတော့ တက်တဲ့အစိုးရက သူ့ကိုယ်သူ နိုင်ငံတော်လို့ သတ်မှတ်တာကိုး။ တကယ့်တကယ်လည်းကျရော နိုင်ငံသားတွေနဲ့ အစိုးရနဲ့ ကွာနေတဲ့ဟာတွေက ခေတ်အဆက်ဆက်မှာ ကျနော်တို့ အများကြီး ကြုံခဲ့ရတယ်။ အခုကတော့ ဘာပဲပြောပြော နိုင်ငံသားတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတရပ် ဖြစ်လာပြီဆိုတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေနဲ့ ဇာတ်ပေါင်းခန်းပေါ့။ နီးလာပြီး ပိုပြီးတော့ တိုးတက်လာပြီလို့ မြင်တော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ဟာလည်း တကယ့်အမှန်တရားပဲ။ နိုင်ငံသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲနဲ့ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆိုတာ မလုပ်နိုင်ဘူး။ အဲတော့ နိုင်ငံသားတွေ ယုံကြည်ထောက်ခံမှုရှိတဲ့ ခေါင်းဆောင်၊ ပါတီလုပ်ပိုင်ခွင့်ရတဲ့ အချိန်မှာ နိုင်ငံသားတွေ အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နိုင်ငံသားဆိုတာ တပ်မတော်သားတွေလည်းပါတယ်၊ အဲဒါဆိုတော့ ကျနော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းပေါ် ရောက်လာမှာပဲ။ အားလုံးရဲ့ အချုပ်ကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိမှ၊ နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေ မြင့်တက်လာမှ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်မှ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မယ်။ နိုင်ငံက စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် တပ်မတော်ကို ဘယ်လိုလက်နက်တွေ တပ်ဆင်ချင်သလဲ၊ ဘယ်လောက်ကျွမ်းကျင်တဲ့ စစ်သည်တော်တွေ မွေးထုတ်ပေးမလဲ ဆိုတာတွေဟာ စီးပွားရေးနဲ့ ဆက်စပ်နေတယ်လို့ ကျနော်မြင်တယ်။ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမယ်လို့ ကျနော်မြင်တယ်။” ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ကပဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (ယူအန်အက်ဖ်စီ) ညီလာခံမှာ သူတို့က ဘာပြောလဲဆိုတော့ အစိုးရသစ်နဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို ဆက်ပြီးတော့ ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားတာတွေ ရှိတယ်။ အန်အယ်လ်ဒီ အရပ်သားအစိုးရရဲ့ ချမှတ်ထားတဲ့ မူဝါဒကလည်း ကြေညာထားတာတွေ ရှိတယ်။ နဂိုလုပ်ပြီးသားတွေကို သူတို့ အသိအမှတ်ပြုတယ်။ ဆက်ပြီးတော့ ကောင်းတာတွေကို သယ်ဆောင်သွားမယ်။ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း ပါလာအောင် ကြိုးစားမယ်လို့ သူပြောထားတယ်။ တဘက်က တိုင်းရင်းသားတွေကလည်း ပြောထားတာရှိတော့ အစိုးရသစ်သက်တမ်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက၊ နိုင်ငံရေးဆွေးနွေးပွဲတွေက အားလုံး ခရီးတခုအထိပေါ့လေ အဆုံးထိ၊ ခရီးတခု တော်တော်ရောက်သွားနိုင်တယ်လို့ကော ဦးကိုကိုကြီး ဘယ်လိုမြင်လဲ။ “ကျနော်တို့လက်ထက်မှာ အတတ်နိုင်ဆုံး ကြိုးစားကြဖို့တော့ လိုတယ်။ သို့သော် တချိန်တည်းမှာပဲ တိုင်းရင်းသား တန်းတူညီမျှရေး ပြဿနာဟာ ကျနော်တို့အသက်ထက်ကြီးတယ်။ တထိုင်တည်းနဲ့တော့ ပြဿနာအားလုံး ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ကြိုပြီးတော့ နားလည်ထားဖို့လိုတယ်။ အဲတော့ ကျနော်တို့က ဆွေးနွေးမှု အဆင့်တိုင်း အဆင့်တိုင်းမှာ တိုးတက်မှုရလဒ်တွေ ပေါ်လာဖို့လိုတယ်။ ဒါကြီးက ဖြစ်စဉ်ကြီး၊ တချီတည်းနဲ့ ပြီးသွားမယ့်ဟာမဟုတ်ဘူး။ အဲတော့ ကျနော်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးသား ပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမှာပဲ။ အပစ်အခတ်ရပ်စဲရေးကို မချိုးဖောက်အောင်လည်း ကျနော်တို့က ဆွေးနွေးကြရမှာ။ မထိုးရသေးတဲ့အဖွဲ့တွေ အနေနဲ့ကလည်း ထိုးလာအောင် ဆွေးနွေးရမယ်။ လက်မှတ်ထိုးပြီးရင်လည်း ဒီထက်သိမ်မွေ့တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားရဦးမှာ။ အဲတော့ ဆွေးနွေးပွဲတိုင်း ဆွေးနွေးပွဲတိုင်းမှာ မဆွေးနွေးခင်ကထက် တိုးတက်တဲ့ အခြေအနေတခုကို တဆင့်တဆင့် တက်သွားရမယ်။ ဒါကြီးက ဖြစ်စဉ်လို့ ကျနော်တို့ နားလည်ဖို့လိုတယ်။ ပြောကြစို့ဆိုရင် အစိုးရသက်တမ်း တခုတည်းနဲ့လည်း ပြီးချင်မှပြီးမှာ။ ဒါက စိတ်ရှည်လက်ရှည်နဲ့ ရလဒ်ထွက်တဲ့အထိ ကျနော်တို့ ကြိုးစားသွားရမှာ။ နောက်တခုက ဒါ စစ်ရေးပြဿနာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာ။ အဲတော့ တဘက်က ဖွဲ့စည်းပုံအခြေခံ ပြဿနာပြင်ဆင်ရေး၊ နောက် တိုင်းရင်းသား ပြည်နယ်တွေရဲ့ အစိုးရတွေ၊ လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်တွေ တဖြည်းဖြည်း တိုးမြှင့်ပေးဖို့ဆိုတဲ့ ကိစ္စတွေ အားလုံးဟာ တဘက်က အဖွဲ့အစည်းများရဲ့ ဆွေးနွေးပွဲရလဒ်တွေနဲ့ ဆက်စပ်နေတာ။ ဒါကြောင့် တဘက်က လွှတ်တော်ပြင်ပမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ဆွေးနွေးနေတဲ့ တချိန်တည်းမှာ လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲမှုတွေ၊ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုတွေ အဲဒါကို ချိတ်ဆက်ပြီး ဆောင်ရွက်သွားမှ ဒီဟာက တဆင့်ပြီးတဆင့် တိုးတက်မယ်လို့ ကျနော်တော့ အဲလိုမြင်တယ်။” ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဦးကိုကိုကြီးတို့ အပါအ၀င် ၈၈ မျိုးဆက်က ပြောခဲ့တာရှိတယ်။ ရွေးကောက်ပွဲမှာ ပါတီထောင်မယ်တို့၊ တဦးချင်း နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည်ဖော်မယ်လို့ ပြောခဲ့တာရှိတယ်။ ဦးကိုကိုကြီးအနေနဲ့ကော လက်ရှိမှာ ဘာရည်မှန်းချက်တွေကို အကောင်အထည် ဖော်နေတယ်ဆိုတာ ပြောပြပါဦး။ “အခုအချိန်မှာ တကယ့်အရေးအကြီးဆုံးက နိုင်ငံသားတွေအားလုံး မျှော်လင့်နေတာကလည်း ဒီအပြောင်းအလဲကို သိမ်သိမ်မွေ့မွေ့ အောင်အောင်မြင်မြင်နဲ့ ဖြစ်ထွန်းလာဖို့က အဓိကပဲ။ ကျနော်တို့ ကာလတွေနဲ့ သတ်မှတ်ပြီးပြောရရင် ဒီကာလသည် အစိုးရသစ် တည်တည်ငြိမ်ငြိမ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နိုင်ဖို့ အဓိက အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်။” ဆိုလိုချင်တာ ဒီအစိုးရသစ်ကို အားကောင်းလာဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောလား။ “အရင်ဆုံးကတော့ ကျနော်တို့ ၂ ပိုင်းရှိတာပေါ့။ တပိုင်းက ရှစ်လေးလုံး အရေးတော်ပုံကတည်းကနေ တောက်လျှောက် နိုင်ငံရေးဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ အခုရှိတဲ့ရလဒ်ဟာ ကျနော်တို့မျိုးဆက်တွေ အဆက်ဆက် ကြိုးစားခဲ့တယ်၊ ရုန်းကန်ခဲ့တဲ့ အသီးအပွင့်တခုဖြစ်တယ်။ ဒီအသီးအပွင့်ကို ဖွံ့ဖြိုးအောင်မြင်အောင်လုပ်ဖို့ဟာ နိုင်ငံရေးသမားတယောက်အနေနဲ့ ကျနော့်မှာ တာဝန်ရှိတယ်။ နောက်တခုက အခြေခံအကျဆုံး နိုင်ငံသားတယောက်အနေနဲ့ပြောရင် ကျနော်တို့  မဲပေးခဲ့တဲ့အစိုးရ၊ အဲဒီအစိုးရ အပြောင်းအလဲ ချောချောမွေ့မွေ့ဖြစ်ဖို့အတွက် နိုင်ငံသားတယောက်အနေနဲ့လည်း တာဝန်ရှိတယ်။ ဒါကြောင့် ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ရော နိုင်ငံသားတယောက်အနေနဲ့ရော ဒီအပြောင်းအလဲကို အောင်အောင်မြင်မြင် ဖြစ်ထွန်းဖို့ရာ အဓိကကျတယ်။ အရေးပါတဲ့အချက်လို့ ကျနော်မြင်ပါတယ်။” နောက်ဆုံးတချက်အနေနဲ့ တကယ်လို့ ဦးကိုကိုကြီးတို့ကို လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက တာဝန်တခုကို ပေးလာတယ်ဆိုရင် အဲဒီအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့ရမလား။ “အရင်ဆုံး ကျနော် နိုင်ငံရေးစလုပ်ခဲ့တဲ့ အကြောင်းလေးကို ပြောချင်တယ်။ ကျနော့်ကို ဘယ်သူကမှ တာဝန်ပေးလို့ ကျနော် နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ ကျနော် ကျောင်းသားတုန်းကနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ကြုံကြိုက်တဲ့အချိန်မှာ ဒါ တာဝန်ယူသင့်တယ်၊ တာဝန်ရှိတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးတဲ့အသိနဲ့ ကျနော်လုပ်ခဲ့တာ။ အဲတော့ ဘယ်သူက တာဝန်ပေးပေး မပေးပေး ကျနော် နိုင်ငံရေးလုပ်တယ်။ စလုပ်လာကတည်းက တာဝန်ရှိတယ်ဆိုတဲ့ အသိနဲ့ လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တတ်နိုင်တဲ့ ကျနော်ဆောင်ရွက်နိုင်တဲ့အပိုင်းကို နောက်ဆုံးအချိန်အထိ ကျနော်ဆောင်ရွက်သွားမှာပါ။ တခုတော့ရှိတယ် ရာထူးတို့၊ ဂုဏ်ဆိုတဲ့ဟာတွေကတော့ ကျနော်တို့ ၈၈ စလုပ်ကတည်းက စိတ်ကိုမ၀င်စားတာ။ တာဝန်နဲ့ပတ်သက်လို့ကတော့ ကျနော် ဘယ်တော့မှ တာဝန်မရှောင်ဘူး။ ကျနော်တာဝန်ယူသင့်တယ်ဆိုတဲ့ ကိစ္စအားလုံးကို ဘယ်သူမှမခိုင်းလည်း လုပ်တယ်။ ဒါ ကျနော့်တဦးတည်း ရပ်တည်ချက်ကိုပြောတာ။ ဒါကြောင့် တာဝန်နဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် တာဝန်ရှိတယ်ဆိုတဲ့ အသိနဲ့ လုပ်ခဲ့တာ၊ နောက်လည်း ဆက်လုပ်သွားမှာပါ။”
6 years Ago
Up