ထိပ်တန်းအရာရှိ ၁ဝ ဦး

July 6, 2018

စည်းကမ်းချိုးဖောက်မှုဖြင့် ထိပ်တန်းအရာရှိ ၁ဝ ဦးကို တရုတ်စစ်ဆေး

စည်းကမ်းအပြင်းထန်ချိုးဖောက်မှုနဲ့ မသင်္ကာသူ ထိပ်တန်းအရာရှိ ၁ဝ ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မရှင်နဲ့ အမျိုးသားအဆင့် စောင့်ကြည့်ရေး ကော်မရှင်တို့က ပြောကြားလိုက်ပါတယ်။ အဲဒီထိပ်တန်းအရာရှိ ၁ဝ ဦးထဲမှာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးအဆင့်ရှိသူ ၅ ဦး၊  အစိုးရပိုင် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ ဘုတ်အဖွဲ့ဥက္ကဋ္ဌတဦး၊ အမျိုးသား စွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်မှူး၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်းတဦးနဲ့ နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေး လုပ်ငန်း အထွေထွေမန်နေဂျာတို့ ပါဝင်ပါတယ်။ ဒါဟာ အခုနှစ် ပထမခြောက်လအတွင်း စုံစမ်းစစ်ဆေးခံရသူ ထိပ်တန်းအရာရှိတွေဖြစ်ပြီး ဝန်ကြီးဌာနအဆင့်နဲ့ ပြည်နယ်အစိုးရ အဆင့်တွေက အရာရှိ ၁၆၂ ဦးကိုလည်း ဒီအတောအတွင်း ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သူတို့ထဲမှာ ချုံချင်းပြည်နယ် စည်ပင်သာယာနယ်မြေ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် ခေါင်းဆောင် ထောင်ကျိကန်းလည်း ပါဝင်တယ်လို့ သတင်းက ဆိုပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ၂ဝ၁၈ ခုနှစ် ပထမ ၅ လမှာ ပါတီနဲ့ အစိုးရ တိုးတက်ရေးကျင့်ဝတ် ၈ ချက်ကို ချိုးဖောက်တဲ့အမှု ၁၉,ဝဝဝ နီးပါးကို စုံစမ်းဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။
3 years Ago
Up