လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုမှာ အောက်တိုဘာ ၈ ရက်က ရွှေ့ပြောင်း နေထိုင်သူ အနည်းဆုံး ၆ ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများ အေဂျင်စီရဲ့လစ်ဗျားမစ်ရှင်အကြီးအကဲက ပြောပါတယ်။
သတင်းတွေအရ လူပေါင်းများစွာဟာ အဆောက်အအုံကနေ ထွက်ပြေးခဲ့ကြပြီး တခြားသူတွေလည်း အနီးအနားလမ်းတွေမှာ စုရုံးခဲ့ကြပါတယ်။
လေဟာပြင်လို တလဟောဖြစ်နေပြီး မတူညီတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေတဲ့နေရာတွေမှာ အိပ်နေကြတဲ့ လူတွေနဲ့အတူ Ghot Shaal စင်တာမှာ လူတွေ ကျပ်ညပ်ဆူညံပြီး ပရမ်းပတာတွေ ဖြစ်နေတာလို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအဖွဲ့အစည်း(IOM)ရဲ့ လစ်ဗျားမစ်ရှင် အကြီးအကဲ ဖက်ဒရီကိုဆိုဒါက ပြောပါတယ်။
မနေ့ကခြံစည်းရိုးတစ်ခုရဲ့ကွက်လပ်ကို ဖြတ်နေကြတဲ့ ဒါဇင်နဲ့ချီတဲ့ လူတွေနဲ့ ထရီပိုလီလမ်းတွေပေါ်မှာ ချီတက်နေတဲ့ ပိုများပြားတဲ့လူတွေကို ပြထားတဲ့ ဗွီဒီယိုတွေ လူမှုကွန်ရက်မှာ အများကြီးတက်လာပြီး ရိုက်တာက ချက်ချင်းအတည်မပြုနိုင်ပါဘူး။
ထရီပိုလီရှိ လုံခြုံရေးတပ်ဖွဲ့တွေဟာ မနေ့ညက အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၉၀၀ ကို ဖမ်းဆီးခဲ့တယ်လို့ ဖက်ဒရီကိုဆိုဒါက ပြောကြားခဲ့ပြီး သူတို့တွေဟာ ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးခဲ့တဲ့သူ အတော်များများလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
ရိုက်တာသတင်းထောက်တစ်ဦးဟာ အစောင့်တွေနဲ့ ဝိုင်းရံထားတဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ရွှေ့ပြောင်းနေထိုင်သူတွေကို တွေ့ခဲ့ရပြီး အဲ့ဒီနေရာတစ်ဝိုက်မှာ လုံခြုံရေး အလွန်ထူထပ်စွာ ရှိနေပြီး ပစ်ခတ်သံတွေကိုလည်း မကြာခဏကြားနေရတယ်လို့ ဆိုပါတယ်။
လစ်ဗျားလုံခြုံရေးတပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့သီတင်းပတ်က ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များနဲ့ ခိုလှုံခွင့် တောင်းခံသူများကို နှိမ်နင်းခဲ့ပြီး လူ ၅၀၀၀ ကျော်ဖမ်းဆီးခဲ့ပါတယ်။
လစ်ဗျားမှာ သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရှိနေပြီး တချို့က ဥရောပကို ခရီးဆက်ထွက်ဖို့ ကြိုးစားနေပြီးတော့ တချို့က ရေနံတင်ပို့တဲ့နိုင်ငံမှာ အလုပ်လုပ်ဖို့ လာကြတာပါ။
သူတို့ဟာ ဆယ်နှစ်တာလောက် မငြိမ်းချမ်းတဲ့နိုင်ငံမှာ မကြာခဏ အကြမ်းဖက်ခံရလေ့ရှိပြီး အများစုဟာ ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ခံထားရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR က ဆိုပါတယ်။ လစ်ဗျားအမျိုးသားညီညွတ်ရေး အစိုးရကတော့ ချက်ချင်းမှတ်ချက် မပေးသေးပါဘူး။