ထိန်းသိမ်;

January 23, 2021

ကိုဗစ်ကာကွယ်ဆေး မှောင်ခိုဈေးကွက်မရောက်ရန် လုံခြုံရေးအစီအစဉ်ဖြင့် ထိန်းသိမ်းထား

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ  မှောင်ခိုဈေးကွက်မရောက်ဖို့ လုံခြုံရေးအစီအစဉ်တွေနဲ့ ထိန်းသိမ်း စောင့်ရှောက်ထားသလို တရားမဝင်တင်သွင်းရောင်းချတဲ့သူတွေကိုလည်း  ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့  ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။   အိန္ဒိယနိုင်ငံက ချစ်ကြည်ရေးအဖြစ် ပေးပို့လိုက်တဲ့ ပထမသုတ်အဖြစ် ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲဟာ   ဇန်နဝါရီ ၂၂ နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။  ကာကွယ်ဆေးတွေကို သိုလှောင်ထားရှိတဲ့အပိုင်းမှာ အာနိသင်မပျက်အောင် ထိန်းသိမ်းထား ဖို့ လိုအပ်သလို မှောင်ခိုဈေးကွက်ကို မရောက်အောင် လုံခြုံရေးတွေ စောင့်ကြပ်ပြီး ထားရှိထားတယ်လို့ ဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဒါကြောင့် ပြည်နယ်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပို့ဆောင်မယ့်အချိန်မှာလည်း မှောင်ခိုဈေးကွက်ကို မရောက်အောင် သက်ဆိုင်ရာ ကိုဗစ်ကော်မတီတွေနဲ့ ချိတ်ဆက်ပြီး ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးတွေကို အောက်လမ်းကနေ တရားမဝင်တင်သွင်းပြီး ရောင်းချတာကို တွေ့ရှိခဲ့မယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ ဥပဒေအတိုင် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ အိန္ဒိယနိုင်ငံက ကာကွယ်ဆေးဟာ လူဦးရေအနည်းအငယ်အတွက်သာ ရရှိခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေကလည်း တင်သွင်းရောင်း ချလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေကိုသာ ထိုးနှံဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင်  တရားဝင်တင်သွင်းခွင့်ရထားတဲ့ ဆေးကုမ္ပဏီတွေကနေ မြန်မာနိုင်ငံ FDA အသိအမှတ်ပြုထားတဲ့ ဆေးမျိုးကိုသာ ရွေးချယ်ထိုးနှံဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ  ဒေါက်တာသန်းနိုင်စိုးက အသိပေးထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှမှာ ၃ နိုင်ငံမြောက် ကိုဗစ်ကာကွယ်ဆေးရရှိတဲ့ နိုင်ငံလည်း ဖြစ်သလို အိန္ဒိယနိုင်ငံကနေ နောက်ထပ်လည်း ကိုဗစ်ကာကွယ်ဆေး ထပ်မံရောက်ရှိလာဖို့ရှိပြီး လာမယ့်အပတ်မှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးတော့မှာ ဖြစ်ပါတယ်။ သူဇာလင်း
9 months Ago
Up