ထိန်းချုပ်မည့်အပေါ်

January 21, 2020

အမေရိကန်၌ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်မည့်အပေါ် လူထောင်ချီ ဆန္ဒပြ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ ဇန်နဝါရီလ ၂၀ ရက်က သေနတ် ကိုင်ဆောင်မှု ထိန်းချုပ်ရေးအပေါ် ထောင်ချီတဲ့ သေနတ်ကိုင် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဒီမိုကရက်တစ် လွှမ်းမိုးတဲ့ ဗာဂျီးနီးယားပြည်နယ် အောက်လွှတ်တော်မှာ သေနတ် ကိုင်ဆောင်မှု ထိန်းချုပ်ရေးအတွက် ဥပဒေပြဋ္ဌာန်းဖို့ ကြိုးပမ်းတာကို ဆန့်ကျင်ပြီး သေနတ်ကိုင်ထားကြတဲ့ တက်ကြွလှုပ်ရှားသူတွေက  ပြည်နယ်လွှတ်တော် အဆောက်အဦ ပတ်လည်မှာ ဆန္ဒပြခဲ့တာပါ။  ဆန္ဒပြသူအတော်များများဟာ ပြောက်ကျားဝတ်စုံနဲ့ သေနတ်တွေ ကိုင်ထားကြပါတယ်။ တချို့ကတော့ သမ္မတ ထရမ့်ကို ထောက်ခံတဲ့ ဦးထုပ်တွေ ဆောင်းထားသလို ဆိုင်းဘုတ်တွေကိုလည်း ကိုင်ထားကြပါတယ်။  သမ္မတထရမ့်ဟာ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အဆိုပြုချက်တွေကို အပြင်းအထန် ဝေဖန်ထားသူ ဖြစ်ပါတယ်။  ပြည်နယ်အုပ်ချုပ်ရေးမှူး ရပ်ဖ်နော့သမ်က လွှတ်တော်ပရဝဏ်မှာ သေနတ်ကိုင်ဆောင်တာကို တားမြစ်ပြီးနောက် လုံခြုံရေးတင်းကျပ်တဲ့ကြားက  ရစ်ချ်မွန် ဆန္ဒပြပွဲကို ကျင်းပခဲ့ပါတယ်။  တက်ကြွလှုပ်ရှားသူတွေက  ပြည်နယ်လွှတ်တော်ဟာ သူတို့ရဲ့ သေနတ်ကိုင်ဆောင်ခွင့် အခွင့်အရေးတွေကို ထိပါးတယ်လို့ ဆိုကြပါတယ်။ သေနတ်ကိုင်ဆောင်ခွင့်ကို အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်က အကာအကွယ်ပေးထားတာပါ။  သေနတ်ကိုင်ဆောင်ရေး တက်ကြွလှုပ်ရှားသူ တဦးက “သူတို့ဖခင်နဲ့ ဘိုးဘေးတွေ အားလုံးဟာ  သူတို့တွေ အခွင့်အရေးတွေ ရဖို့နဲ့ အမေရိကကို လွတ်လပ်စေဖို့ ကြိုးပမ်းခဲ့ကြတယ်။ သူကလည်း သားသမီးတွေရဲ့ အခွင့်အရေးတွေကို စောင့်ရှောက် ကာကွယ်ပေးလိုတယ်” လို့ ပြောသွားခဲ့ပါတယ်။
1 year Ago
Up