ထိန်းချုပ်ဓာတုပစ္စည်း

January 30, 2021

တာချီလိတ်တွင် ကျပ်သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုစ္စည်းများ ဖမ်းမိ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ ကျပ်သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ပါတယ်။

ကျိုင်းတုံ-တာချီလိတ်ကားလမ်း၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်းကာ မယ်လိတ်ပါကော်-ဖန်မင်ရွာတောလမ်းအတိုင်း မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေဖြစ်တဲ့ ကဖင်းများ တရားမဝင်သယ်ဆောင်လာတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဲဒီလမ်းဝန်းကျင်မှာ ပိတ်ဆို့ စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၄ နာရီမှာ မာထယ်(ခ)အလီး  မောင်းနှင်ပြီး ကျကျိုရှီး လိုက်ပါလာတဲ့ Vigo အမျိုးအစား မော်တော်ယာဉ်ရောက်အား ရပ်တန့်ရှာဖွေနေစဉ် နောက်မှ ဆက်လက်လိုက်ပါလာတဲ့ Vigo အမျိုးအစား မော်တော်ယာဉ် ၃ စီးမှာ နောက်ပြန်လှည့်မောင်းပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မော်တော်ယာဉ်တွေရဲ့ ဘီးတွေပေါက်ပြီး ဆက်လက်မောင်းနှင်မရတော့တာကြောင့် အဆိုပါယာဉ်တွေပေါ်က ဒါယေ၊ ပေါလို့၊ ကျဘို၊ မယ်နူး(ခ)အားဖျော့တို့ ၄ ဦး ထွက်ပြေး လွတ်မြောက်သွားပါတယ်။

မော်တော်ယာဉ် ၄ စီးနဲ့ သယ်ဆောင်လာတဲ့ ကဖင်း ၆၀၂၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိတရားခံတွေရဲ့ ဖော်ထုတ်ချက်အရ ကဖင်းတွေကို မာထယ်(ခ)အလီးက ဦးဆောင်ပြီး တစ်ဖက်နိုင်ငံနယ်စပ်မှတစ်ဆင့် ပြည်တွင်းကို သယ်ယူခဲ့တာဖြစ်ပြီး ကျိုင်းလပ်မြို့နယ်၊ မယ်ခေါင်မြစ်ဘေးရှိ ကျကကျေးရွာကနေ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာကို သယ်ဆောင်လာတာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဖမ်းဆီးမိထားသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။

3 months Ago

December 22, 2020

သာစည်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၀း၃၀ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သာစည်မြို့နယ်၊ သာစည်-တောင်ကြီးသွားကားလမ်းမှာ ဘုရားငါးဆူကျေးရွာဘက်က တောင်ကြီးဘက်ကို မလှိုင်မြို့နယ်၊ ကူနီကျေးရွာနေ ဇော်လွင် ၄၂ နှစ် မောင်းနှင်လာတဲ့ Hiace အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက ယာဉ်ပေါ် ဆာလာအိတ်တွေအတွင်း ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၀၅ ကီလိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။  ကွင်းဆက်အရ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာနေသူများဖြစ်သည့် မခင်မာကြိုင်(ခ) ကရင်မ (၃၈) နှစ်အား ၁၀း၄၀ အချိန်မှာ ဘုရားငါးဆူကျေးရွာလမ်းဆုံနဲ့ ယဉ်ဦး (ခ) ကတုံး (၄၃) နှစ်အား နေအိမ်မှာ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၃၅၀ ကီလိုနဲ့အတူ ဖမ်းဆီခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၄၅၅ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၁၆.၀၀၅ သိန်း) ဖမ်းဆီးရမိခဲ့ပြီး သာစည်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
4 months Ago
Up