ဗီယက်နမ်နိုင်ငံမှာ အချိန် ၂ လနီးပါးအတွင်း ပထမဆုံးအနေနဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ပြည်တွင်း ကူးစက်ခံရသူတွေထပ်တွေ့ခဲ့လို့ ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို အစိုးရက အပူတပြင်း ဆောင်ရွက်နေပါတယ်။
ရက်ပေါင်း ၅၅ ရက်အတွင်း ပထမဆုံးအနေနဲ့ ပြည်တွင်း ရောဂါ ကူးစက်ခံ ၂ ယောက်ကို တွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ နောက်ထပ် ကူးစက်ခံ ၈၁ ယောက်ကို ထောက်လှမ်း တွေ့ရှိထားတယ်လို့လည်း ကြေညာခဲ့ပါတယ်။
နယ်စပ်တွေကို ထိထိရောက်ရောက် ပိတ်ထားပြီး အိမ်နီးချင်းနိုင်ငံတွေမှာလို ရောဂါကူးစက် ဖြစ်ပွားမှု ကြီးကြီးမားမား မဖြစ်အောင် ရှောင်နိုင်ခဲ့တဲ့ ဗီယက်နမ်မှာ ခုတော့ တရက်အတွင်း ကူးစက်ခံ အသစ် ၈၃ ယောက် ရှိလာခဲ့တာပါ။
ခုတကြိမ်ဟာ ပြီးခဲ့တဲ့တကြိမ် ရောဂါကူးစက်မှု လှိုင်းထက် ပိုပြီး ပြင်းထန်နိုင်တယ်လို့လည်း သတိပေး လိုက်ပါတယ်။
ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ အာဏာပိုင်တွေ အလောသုံးဆယ် ဆောင်ရွက်နေပြီး ထောင်သောင်းချီတဲ့ လူတွေမှာ ကူးစက်ခံထားရတာ ရှိ ၊ မရှိလည်း စစ်ဆေးနေပါတယ်။
ကူးစက်မှု ဖြစ်ခဲ့တဲ့ ခရိုင် ၂ ခုက ရွာ တရွာနဲ့ အီလက်ထရောနစ်စက်ရုံ တရုံကို မနေ့က အသွားအလာပိတ်ဆို့ ကန့်သတ် လော့ဒေါင်း ချခဲ့ပါတယ်။
ဟိုင်ဒူအွန်ပြည်နယ်ထဲမှာ ရောဂါခြေချုပ်နဲ့ လုပ်သား ၂၃၄၀ ကို ထားရှိပြီး ထိတွေ့ မိသူ တွေကို ခြေရာကောက်တာတွေ စလုပ်ဆောင် နေပါပြီ။
တရုတ်နှစ်သစ်ကူး အားလပ်ရက် ခရီးသွားကြပြီး မိသားစုဆွေမျိုးတွေ အခန်းတွင်းမှာ ဆုံဆည်းကြတဲ့ ဓလေ့ကြောင့် ကူးစက်မှု ထိန်းချုပ်ရေးကြိုးပမ်းမှုတွေကို ရှုပ်ထွေးနိုင်တယ်လို့ လည်း အာဏာပိုင်တွေက သတိပေး ထားပါတယ်။
ခုတော့ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံး စတွေ့ချိန်ကနေ ခုထိ ကူးစက်ခံ အတည်ပြု လူဦးရေ ၁၆၃၃ ယောက် ရှိပြီး ကူးစက်ခံ ၃၅ ဦး သေဆုံးခဲ့တာကို မှတ်တမ်းတင် ထားပါတယ်။