ထိန်ပင်

April 24, 2018

ထိန်ပင် အမှိုက်ပုံ မီးငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂ ဆကျော်တိုးမြှင့် (ရုပ်သံ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီး အမှိုက်ပုံမှာ လောင်ကျွမ်းနေတဲ့ မီးလောင်မှုကို မီးသတ်ယာဉ်နဲ့ တပ်ဖွဲ့ဝင်အင်အား ၂ ဆကျော်တိုးမြှင့်ပြီး ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ထိန်ပင်သုသာန်နားက ဧက ၃၀၀ လောက်ရှိတဲ့ အမှိုက်ပုံဟာ လွန်ခဲ့တဲ့ ၃ ရက်၊ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက စလို့  ဒီကနေ့ထိ မငြိမ်းသေးဘဲ မီးလောင်နေခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၂၄ စီး၊ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်ပေါင်း ၁၅၀ နဲ့ ငြှိမ်းသတ်နေရာက ဒီနေ့မှာတော့ မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၄ စီး၊ မီးသတ်အထောက်အကူပြုယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၆ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ မိတ်ဖက်ယာဉ် ၄ စီး၊ စုစုပေါင်း ၄၇ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၁၃ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ယောက်၊ စုစုပေါင်း ၃၂၄ ယောက်နဲ့ ငြှိမ်းသတ်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအချိန်အထိ ဧက ၁၀၀ လောက် မီးလောင်နေတာကြောင့် မီးခိုးတွေ အဆမတန် ထွက်နေပြီး မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တခြားလေလလမ်းကြောင်း သင့်ရာ မြို့နယ်တွေမှာ မီးခိုးညှော်နံ့တွေ ဖြစ်နေပါတယ်။ ဒါကြောင့် အသက်ရှူကျပ်တဲ့ လူနာ ၆၀ လောက်ကို ညတွင်းချင်း အရေးပေါ် ဆေးကုသပေးခဲ့ရပြီး လူ ၁၀ ယောက်ထက်မနည်း လှိုင်သာယာဆေးရုံကို တင်လိုက်ရတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။ ရုပ်သံ - Myanmar Fire Services Department
3 years Ago

ထိန်ပင် အမှိုက်ပုံမီး မီးခိုးကြောင့် လူ ၆၀ ခန့် အသက်ရှူကျပ်၊ ၁၀ ဦးထက်မနည်း ဆေးရုံတင်ရ

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကနေ ထွက်ရှိလာတဲ့ မီးခိုးတွေကြောင့် အသက်ရှူကျပ်တဲ့ လူနာ ၆၀လောက်ကို ညတွင်းချင်း အရေးပေါ် ဆေးကုသပေးခဲ့ရပြီး လူ ၁၀ ဦးထက်မနည်း လှိုင်သာယာဆေးရုံကို တင်လိုက်ရပါတယ် ထိန်ပင်အမှိုက်ပုံနဲ့ နီးတဲ့ ၂၀ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ကံလှ၊ ရွှေလင်ပန်း စတဲ့ ရပ်ကွက်နေ ပြည်သူတွေ မီးခိုးကြောင့် အသက်ရှူကျပ်တဲ့ ဝေဒနာ ခံစားနေကြရတာ ဖြစ်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောပါတယ်။ “၂၀ ရပ်ကွက်တို့၊ ကံလှတို့၊ ၁၈ တို့၊ ဟိုဘက်ဆို ရွှေလင်ပန်းတို့ အဲဒီရပ်ကွက်လူတွေ အများဆုံး ခံစားရတာပေါ့။ မနေ့ညကဆို ကျနော်တို့ သွားတဲ့အချိန်မှာ ၂၀ ရပ်ကွက်လူတွေဆိုရင် အသက်ရှူမဝလို့ အောက်စီဂျင်ပေးပြီးတော့ ရပ်ကွက်ရုံးဘေးနားမှာ အရေးပေါ်လုပ်ပေးရတဲ့ထိ ဖြစ်တယ်။ ညကဆိုရင်ပဲ လှိုင်သာယာဆေးရုံရောက်တာ ၉ ယောက်လောက်ပဲ ရောက်သွားတယ်။ ဒါပေမယ့် ရပ်ကွက်အတွင်းမှာ ဒီလိုမျိုး လုပ်ပေးခဲ့ရတာကတော့ ၅၀၊ ၆၀ လောက် လုပ်ပေးခဲ့ရတာပေါ့” ထိန်ပင် အမှိုက်ပုံမီးဟာ ဧက ၁၀၀ လောက်ထိ လောင်ကျွမ်းနေတာ ဖြစ်တယ်။ မီးငြှိမ်းသတ်နေဆဲဖြစ်ပြီး  မီးထိန်းထားနိုင်ပြီလို့ ပြောလို့မရသေးဘူးလို့ ထိန်ပင်အမှိုက်ပုံမီးရဲ့ ဧပြီ ၂၄ ရက် မနက် ၉ နာရီလောက် အခြေအနေကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။ “မီးကတော့ မနေ့တနေ့ကထက်စာရင်တော့ တော်တော်လေးကို နိုင်နိုင်နင်းနင်းလေး ဆောင်ရွက်သွားနိုင်ပြီ၊ ဒါပေမယ့် မီးတွေအကုန်လုံး ငြိမ်းသွားပြီလားဆိုရင်တော့ မငြိမ်းသေးဘူး။ ဘာလို့ဆိုတော့ အမှိုက်ပုံဧရိယာက တအားကျယ်ပြန့်တာကိုး။ ဧက ၁၀၀ လောက်ပေါ်မှာ ပျံ့နှံ့ပြီး လောင်နေတာ ဆိုတော့လေ” ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်နားကဧက ၃၀၀ လောက် ရှိတဲ့ အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်နေ့ကတည်းက စတင် မီးလောင်မှုဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က  မီးသတ်ရေသယ်ယာဉ် ၁၂ စီးအပါအဝင် စုစုပေါင်း မီးသတ်ယာဉ် ၂၄ စီး၊ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ဦးနဲ့ ကြိုးစား ငြှိမ်းသတ်နေတာ ဖြစ်ပါတယ်။ ဧပြီ ၂၃ ရက်အထိ  ဧက ၁၀၀ လောက် မီးလောင်နေတာကြောင့် မီးခိုးဟာ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နဲ့  အခြားလေလမ်းကြောင်းသင့်ရာ မြို့နယ်တွေထိ​ ပျံ့နှံ့ မီးခိုးညှော်နံ့တွေ ဖြစ်ပေါ်နေပေမယ့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှု မရှိစေဖို့ မီးသတ်တပ်ဖွဲ့က အသိပေး ကြေညာထားပါတယ်။ ဓာတ်ပုံ-FSD
3 years Ago

ထိန်ပင် အမှိုက်ပုံ မီးကြောင့် YBS ယာဉ်လိုင်း ၂ လိုင်း ယာယီရပ်နားနိုင်

ရန်ကုန် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမှာ လောင်နေတဲ့မီးကြောင့်  YBS 20 နဲ့ YBS 83 ဘတ်စ်ကားယာဉ်လိုင်းတွေ  ယာယီရပ်နားဖို့ ဖြစ်ပေါ်လာနိုင်တယ်လို့ သက်ဆိုင်ရာ Ominifocus YBS 20 ယာဉ်လိုင်းက ခရီးသွားပြည်သူတွေကို ကြိုတင်အသိပေး ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ထိန်ပင် အမှိုက်ပုံမီးဟာ ယာဉ်စီးရေ ၅၀၀ လောက် ရပ်နားထားတဲ့ နေရာနဲ့ နီးကပ်နေလို့ ယာဉ်တွေ အရေးပေါ်  နေရာရွှေ့ပြောင်းရမယ်ဆိုပါက ယာဉ်မောင်းအခက်အခဲကြောင့် YBS 20 နဲ့ YBS 83 ယာဉ်လိုင်းတွေကို ယာယီရပ်နားဖို့ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲဖြစ်ပေါ်နိုင်ပြီး ယာဉ်လိုင်းတွေ ပြေးဆွဲမှု ယာယီရပ်နားပါက အချိန်မီ ကြိုတင်အသိပေး အကြောင်းကြားသွားမယ်လို့ ယာဉ်လိုင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်ကစပြီး အမှိုက်တွေ မီးလောင်နေတာကြောင့် မီးခိုးတွေ အဆမတန်ထွက်ရှိနေပြီး လေလမ်းကြောင်းသင့်ရာ မြို့နယ်တွေက ဒေသခံတွေ မီးခိုးညှော်နံ့တွေနဲ့ လေထုညစ်ညမ်းမှုဒဏ် ခံစားနေရတာ ဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့က အမှိုက်ပုံ မီးငြှိမ်းသတ်ဖို့နဲ့  တခြားကို မီးမကူးစက်အောင် လုပ်ဆောင်နေရာမှာ အနည်းဆုံး ဧပြီ ၂၇ ရက်လောက်မှ လောင်စာကုန်ပြီး မီးလောင်တာ ရပ်သွားလိမ့်မယ်လို့ ခန့်မှန်းတဲ့အကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုဌာနမှူး ဒေါက်တာအောင်မြင့်မော်က နိုင်ငံပိုင် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။ အမှိုက်မီးလောင်မှုကြောင့် ထွက်သွားတဲ့အမှုန်တွေဟာ လေထဲမှာ ပျံ့နှံနေတဲ့အတွက်  ပြည်သူတွေ အန္တရာယ်မရှိအောင် mask တွေ တပ်ထားကြဖို့၊ မီးခိုးအနံ့ကြောင့် ရင်ကျပ်တာတွေ ဖြစ်နိုင်သလို အဆုတ်ရောဂါရှိသူတွေ ချောင်းဆိုး၊ ရင်ဘတ်အောင့်၊ အသက်ရှူကျပ်တာ ဖြစ်ပွားပါက နီးစပ်ရာဆေးခန်းကို အမြန်ဆုံးပြသင့်တယ်လို့လည်း ပြောပါတယ်။ ဓာတ်ပုံ-Ominifocus
3 years Ago
Up