ထိတွေ့ခဲ့သူ

A d v e r t i s e m e n t With Us

August 18, 2020

စစ်တွေမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နှင့်ထိတွေ့ခဲ့သူ  ၈၄ ဦးကို ဓာတ်ခွဲနမူနာယူ စစ်ဆေးနေ 

စစ်တွေမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅နဲ့  ထိတွေ့မှုရှိခဲ့သူ စစ်တွေမြို့မှ ၅၁ ဦးနဲ့  ကျောက်ဖြူမြို့မှ ၃၃ ဦး၊ စုစုပေါင်း ၈၄ ဦးထံမှ ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာဟာ စစ်တွေမြို့ရှိ CB-ဘဏ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတဦးဖြစ်ပြီး  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့  ပုဏ္ဏားကျွန်းမြို့နယ်တွေကို ခရီးသွားခဲ့သူဖြစ်တယ်လို့  ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က "သူမက ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျောက်ဖြူကိုသွားတယ်။ သြဂုတ်လ ၂ ရက်နေ့မှာစစ်တွေကို ပြန်လာတယ်။ ၃ ရက်နေ့မှာ ပုဏ္ဏားကျွန်းကို ဘုရားဖူးသွားတယ်။ ၄ ရက်နေ့မှာ အလုပ်ပြန်ဆင်းတယ်။ သူက CB-ဘဏ်ဝန်းထမ်းဖြစ်တယ်။ ဘဏ်ကဝန်ထမ်းအားလုံးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ယူပြီး Facility Quarantine ထားထားတယ်။ ဘဏ်ပိတ်ခိုင်းထားတယ်။ သူ့အိမ်မှာ လူ ၁၉ ဦးရှိတယ်။ သူတို့ကိုလည်း  Facility Quarantine ထားပြီး သူတို့ကိုစစ်ဆေးသွားမယ်။ နောက် ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းမှာ ထိတွေ့ခဲ့သူတွေကို လည်းစုံးစမ်းနေတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါလူနာဟာ သြဂုတ် ၁၂ ရက်ကစပြီး  ဖျားတာ၊ နှာစေးတာ၊ အနံ့မရတာ စတဲ့ လက္ခဏာ တွေ ဖြစ်ပေါ်နေလို့  ဆေးခန်းသွားပြရာမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရလို့ သူ့ကို  စစ်တွေဆေးရုံမှာ သံသယလူနာအဖြစ် Facility Quarantine ထားရှိခဲ့တာပါ။ သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကိုယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပိုဆောင်ခဲ့ရာ သြဂုတ်လ ၁၆ ရက်နေ့က ကိုဗစ်-၁၉ ရောဂါတွေ့ရှိကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ လူနာအမှတ် ၃၇၅ ဟာ စစ်တွေမြို့ ဓညဝတီ(ခ)ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး လတ်တလော အိမ်သားတွေအားလုံးကို  Facility Quarantine  ထားရှိတယ်လို့ သိရပါတယ်။ လူနာရဲ့ ဖခင်ဖြစ်သူ ဦးဖြူမောင်သိန်းက"ကျနော့်သမီးက ဘဏ်ကဝန်ထမ်းအဖွဲ့နဲ့ ကျောက်ဖြူကို နှစ်ညအိပ် ၃ ရက်သွားခဲ့တယ်။ ပုဏ္ဏားကျွန်းကို သွားခဲ့တာတော့ မသိလိုက်ပါဘူး။ ကျနေ့မိန်းမရဲ့ အစ်မမှာ သားတစ်ဦး ဗိုက်ခွဲရလို့ ပုဏ္ဏားကျွန်းက ဆွေမျိုးတွေ သတင်းမေးဖို့ရောက်နေကြတယ်။ အားလုံး အိမ်ငှားနေတဲ့ သတင်းထောက် ၁ ဦးအပါအဝင် လူ ၁၉ ဦးရှိတယ်။ ဖျားနာတဲ့သူတစ်ဦးမှ မရှိပါဘူး။ မနက်က ကျန်းမာရေးဌာနက နှာခေါင်းနဲ့ အာခေါင် တို့ဖတ်တွေယူသွားကြပါပြီ။ ပထမတော့ တိုင်းရင်းဆေးရုံကိုပို့မယ်လိုပြောတယ်။ ကျနော်တို့က  မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောပြထားတယ်။ လူများတော့ စားသောက်ရေးအခက်အခဲဖြစ်မယ်။ မိမိနေအိမ်မှာပဲ  Facility Quarantine နေထိုင်ဖို့ပြောထားတယ်"လို့​ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိ စစ်တွေမြို့မှာရှိတဲ့ စီဘီဘဏ်ကို ၂ ရက်ယာယီပိတ်ထားပြီး ဘဏ်ဝန်ထမ်းတွေကို အသွားအလာကန့်သတ်ထားသလို့ အဆိုပါလူနာ ခရီးသွားစဉ် တည်းခိုနေထိုင်ခဲ့တဲ့ ကျောက်ဖြူမြို့က မြနန်းတော် တည်းခိုခန်းကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေပြုလုပ်နေပါတယ်။ လူနာအမှတ် ၃၇၅ ဟာ ရခိုင်ပြည်နယ်မှာ ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ ကိုဗစ်-၁၉ ရောဂါ ဒုတိယမြောက်ကူးစက်ခံရသူဖြစ်ပါတယ်။
7 months Ago

June 19, 2020

မောင်တောမြို့က လူနာအမှတ် ၂၄၇၊ ၂၄၈ တို့နှင့် ထိတွေ့ခဲ့သူအားလုံး ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့က ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၂၄၇ နဲ့ ၂၄၈ တို့နဲ့ ထိတွေ့ခဲ့သူ ၉ ဦးကို ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါ ပိုးမတွေ့ရရှိဘူးလို့ မောင်တောခရိုင်ကျန်းမာရေးဌာနက ပြောပါတယ်။ မောင်တောခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "ဟုတ်ပါတယ်။ လူနာအမှတ် ၂၄၇ နဲ့ ၂၄၈ တို့နဲ့ ထိတွေသူ ၉ ဦးရဲ့ နှာခေါင်းနဲ့အာခေါင် တို့ပတ်တွေ ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံး Negative ဖြစ်ပါတယ်။" လို့ DVB ကို အတည်ပြုပြောကြားပါတယ်။ လူနာအမှတ် ၂၄၇ အမျိုးသမီးမှာ ရွှေစားကျေးရွာအုပ်စု ကမ်းပိုင်နားကျေးရွာကဖြစ်ပြီး လူနာအမှတ် ၂၄၈ အမျိုးသားကတော့ ရွှေစားကျေးရွာအုပ်စု စေတီပြင်ကျေးရွာက ဖြစ်ပါတယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းကနေ ဇွန် ၂ ရက်နေ့က မောင်တောမြို့နယ်ကို ပြန်လည်ဝင်ရောက်လာခဲ့ကြပြီးနောက် ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့တာပါ။ သူတို့ ၂ ဦးဟာ မောင်တောမြို့မှာ တတိယမြောက်နဲ့ စတုတ္ထမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူတွေဖြစ်ပြီး ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးတာ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ လူနာအမှတ် ၂၄၇ နဲ့ ၂၄၈ တို့နဲ့ ထိတွေခဲ့သူ ၉ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမယ်လို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။ လင်းလက်
9 months Ago
More News
Up