ထိခိုက်နစ်နာစေဟု နည်းပြပြော

March 3, 2018

ပွဲစဉ်ဇယား ရေးဆွဲမှု ဘာစီလိုနာကို ထိခိုက်နစ်နာစေဟု နည်းပြပြော

ဒီတစ်ပတ် လာလီဂါပွဲစဉ်ဇယား ရေးဆွဲထားမှုက ဘာစီလိုနာအသင်းကို ထိခိုက်နစ်နာစေတယ်လို့ ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက ပြောဆိုလိုက်ပါတယ်။ အနီးဆုံးပြိုင်ဘက် အက်သလက်တီကိုအသင်းကို ၇ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ မတ် ၁ ရက်နေ့က စပိန်ကနေ လေယာဉ် သုံးနာရီခွဲကြာစီးရတဲ့ ဂရန်းကန်နာရီယာကျွန်းကို သွားပြီး လက်စ်ပါးမက်အသင်းနဲ့ ကစားခဲ့ရပါတယ်။ အဲဒီနောက် သုံးရက်အကြာ မတ် ၄ ရက်နေ့မှာ ချန်ပီယံဆုအတွက် အရေးပါတဲ့ ပွဲတပွဲအဖြစ် အမှတ်ပေးဇယား ဒုတိယနေရာက အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဗယ်ဗာဒီက “ပွဲစဉ်ဇယားရေးဆွဲထားပုံက ကျနော်တို့ကို ထိခိုက်နစ်နာစေပါတယ်။ ဆုံးဖြတ်ချက်တချို့က အားကစားရှုထောင့်က မဟုတ်တဲ့ အကြောင်းအရာတွေရဲ့လွှမ်းမိုးခံထားရတာကိုလည်း သိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဒါကတော့ ရုပ်သံထုတ်လွှင့်ရ အဆင်ပြေအောင်လို့ ပွဲစဉ်ဇယားကို ညှိနှိုင်းရေးဆွဲရတာကို ရည်ရွယ်ပြီး ပြောဆိုခဲ့ဟန်တူပါတယ်။ လာလီဂါချန်ပီယံလုပွဲကလည်း မပြီးဆုံးသေးဘဲ ရီးရဲလ်မက်ဒရစ်မှာတောင် အခွင့်အရေး ရှိနေသေးတယ်လို့လည်း ဗယ်ဗာဒီက ပြောဆိုခဲ့ပါတယ်။ ၁ ပွဲပိုကစားထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာနဲ့ ၁၄ မှတ်အထိ ကွာဟနေတာပါ။
4 years Ago
Up