ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း

August 26, 2015

မြန်မာ့သဘာဝဓာတ်ငွေ့ရည်စက်ရုံ လုပ်ငန်းတွင် ရှဲလ်ရေနံကုမ္ပဏီ ပူးပေါင်းမည်

ရှဲလ်ရေနံကုမ္ပဏီဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ အီတာလျံ ထိုင်းကုမ္ပဏီ၊ အယ်လ်အန်ဂျီပီ ကုမ္ပဏီတွေနဲ့ သဘာဝဓာတ်ငွေ့ရည် (အယ်လ်အန်ဂျီ) ထုတ်လုပ် ဖြန့်ဖြူးရေးစက်ရုံ လုပ်ငန်းမှာ ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်တယ်လို့ အာရှ သဘာဝဓာတ်ငွေ့ (Natural Gas Asia) သတင်းမှာ ဖော်ပြပါတယ်။ ရှဲလ်ရေနံကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ရော်ဂျာဘောင်းဒ်စ်က “ကျနော်တို့ ဒီသဘောတူညီမှုအတွက် အရမ်းဝမ်းသာပါတယ်။ ဒီအခွင့်အလမ်းအနေနဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ရည်မှန်းချက်မှာ ပူးပေါင်းလုပ်ဆောင်မယ့် မိတ်ဘက်ကုမ္ပဏီတွေနဲ့အတူ ရှဲလ်ကပါ ၀င်ကူညီနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်” လို့ ပြောပါတယ်။ ဒီသဘောတူညီမှုမှာ ရှဲလ်အနေနဲ့ သဘာဝဓာတ်ငွေ့ရည်စက်ရုံလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ နည်းပညာ အကူအညီ ပေးသွားမှာဖြစ်ပြီး စက်ရုံစွမ်းဆောင်ရည်နဲ့ သဘာဝဓာတ်ငွေ့ရည် (အယ်လ်အန်ဂျီ) ထုတ်လုပ်ဖြန့်ဖြူးမှုတွေမှာပါ ပါဝင်ကူညီသွားမယ်လို့ ဆိုပါတယ်။ ဒီလအစောပိုင်းက အီတာလျံ ထိုင်းကုမ္ပဏီဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ သဘာဝဓာတ်ငွေ့စက်ရုံ တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီမှု ရခဲ့ကြတာပါ။ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကုန်ကျမယ့် ဒီစက်ရုံစီမံကိန်းဟာ ပထမအဆင့်အနေနဲ့ တည်ဆောက်တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ငွေ့စက်ရုံကနေ သဘာဝဓာတ်ငွေ့ရည် နှစ်စဉ်တန်ချိန် ၆ သန်း ထုတ်လုပ်နိုင်မယ်လို့ အီတာလျံ ထိုင်းကုမ္ပဏီ ဥက္ကဋ္ဌ ပရမ်ချိုင်ကာနက်ဆူတာက ဒီလအစောပိုင်းက Energy Business Review သတင်းမှာ ပြောခဲ့ပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နားလည်မှု စာချွန်လွှာကို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး အီတာလျံ ထိုင်းကုမ္ပဏီက ၇၅ နှစ် လုပ်ကိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
6 years Ago

August 6, 2015

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းလုပ်ငန်းများ စတင်ရန် သဘောတူ

မြန်မာ-ထိုင်း-ဂျပန် ၃ နိုင်ငံပူးပေါင်း အကောင်အထည်ဖော်မယ့် ထားဝယ်အထူး စီးပွားရေးဇုန်ရဲ့ ကနဦးစီမံကိန်း လုပ်ငန်းတွေအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးလိုက်တယ်လို့ ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းတွေ  အကောင်အထည်ဖော်ခြင်းဆိုင်ရာ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးကို သြဂုတ် ၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ စီမံကိန်း အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတွေအကြား လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်းမှာ နှစ်လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊ ယာယီလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကနဦးမြို့ပြစီမံကိန်း၊ ရေပေးဝေရေးစီမံကိန်းနဲ့ ဆက်သွယ်ရေးလိုင်း လုပ်ငန်းတွေ ပါဝင်ပြီး အခုကစပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ အပြီးသတ် အကောင်အထည်ဖော်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စတုရန်းကီလိုမီတာ ၂၀၀ အကျယ်အ၀န်းရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ကနဦး စီမံကိန်းလုပ်ငန်းနဲ့ ပင်မစီမံချက် အဆင့် ၂ ခု ပါဝင်ပါတယ်။ အဲဒီစီမံကိန်းရဲ့ ပင်မစီမံချက်ကို ပြီးခဲ့တဲ့ဇွန်လမှာ အတည်ပြုရေးဆွဲနိုင်ခဲ့ပြီး ခုသဘောတူညီမှုအရ ကနဦး လုပ်ငန်းစီမံကိန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီ ဥက္ကဋ္ဌ ဒု-သမ္မတ ဦးဉာဏ်ထွန်းက အစည်းအဝေးမှာ ပြောပါတယ်။ အဆိုပါ ကနဦး စီမံကိန်းတွေဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီး တခုလုံး စတင်လည်ပတ်နိုင်ဖို့ ပထမဆုံး ခြေလှမ်းဖြစ်ကြောင်းနဲ့ စီမံကိန်းတွေကနေ ၂၀၂၅ ခုအတွင်း ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်ပေါင်း ၃ သိန်းလောက် ဖန်တီးပေးနိုင်မယ်လို့လည်း ပြောပါတယ်။ အစည်းအဝေးတက်လာတဲ့ ထိုင်း ဒု-ဝန်ကြီးချုပ် ပရီဒိယသွန်း ဒေ၀ကုလကတော့  ဒီစီမံကိန်းဟာ ဒေသတွင်းမှာ အရေးကြီးတဲ့ စီမံကိန်းတရပ်ဖြစ်ကြောင်း၊ စီမံကိန်းဟာ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး ပင်လယ်ထွက်ပေါက်သို့ ဆက်သွယ်ဆောင်ရွက်မည့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ဖြစ်တာကြောင့် ထားဝယ်နဲ့ ဆက်စပ်ဒေသတွေအပေါ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေမယ်လို့လည်း ပြောပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ် အထူးစီးပွားရေးဇုန်ကို ဇူလိုင် ၃ ရက်နေ့က ကျင်းပခဲ့တဲ့ မဲခေါင်ဒေသ ၅ နိုင်ငံ စီးပွားရေးဖိုရမ်အပြီးမှာ မြန်မာ၊ ထိုင်း၊ ဂျပန် ၃ နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတာပါ။ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ  လုပ်ဆောင်ရာမှာ အခြေခံအဆောက်အဦ တည်ဆောက်ရေး ကဏ္ဍအတွက် သုံးစွဲဖို့ ဂျပန်က အမေရိကန်ဒေါ်လာ ၈၁၂ သန်းကျော်ကို သုံးနှစ်အတွင်း ချေးငွေပေးနိုင်ဖို့ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ ဂျပန်-မဲခေါင် ဒေသထိပ်သီးဆွေးနွေးပွဲမှာ သဘောတူထားပါတယ်။
6 years Ago
More News
Up