ထားဝယ် သပိတ်စစ်ကြောင်း

March 10, 2021

ထားဝယ်သပိတ်စစ်ကြောင်းဖြိုခွင်းခံရ၊ ယမန်ညက နေရာအချို့တွင် စစ်တပ်ကတပ်စွဲပြီး ည ၈ နာရီအထိ ပစ်ခတ်

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မတ် ၉ ရက်နေ့က ညနေပိုင်းမှာ စစ်တပ်က ကျန်းတိတ် တရုတ်ဘုံကျောင်းမှာ တပ်စွဲတဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ကြတာကို သေနတ်တွေနဲ့ နေရာအတော်များများမှာ ည ၈ နာရီအထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က မိုးလင်းပိုင်းမှာတော့ ပြဿနာ သိပ်နာမရှိဘူး။ ညနေပိုင်းမှာ တရုတ်ဘုံကျောင်းမှာ တပ်လာစွဲတာ လက်မခံလို့ အဲအချိန်က စပြီး ပစ်တာ ည ၈ နာရီထိုးတဲ့အထိ ပစ်ခတ်တာ။ စစ်တပ်ကကောင်တွေ ရူးသွားပြီလားမသိဘူး။ သွေးရူးသွေးတန်း လျှောက်ပစ်နေကြတာ၊ လမ်းတွေ ရပ်ကွက်တွေမှာ။”

ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိမရှိတော့ မသိရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျန်းတိတ် တရုတ်ဘုံကျောင်း၊ ဥတ္တတားကြီး အဘိဓမ္မာပြန့်ပွားရေးရုံး၊ အောင်မင်္ဂလာ ရုပ်ရှင်ရုံ၊ ထားဝယ် ဆေးရုံကြီး၊ ကွန်ပြူတာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်၊ လောင်းလုံး မြို့နယ်ဆေးရုံ၊ မြန်မာ့စီးပွားရေးဘဏ်၊  စိုက်ပျိုးရေးဘဏ်၊ တိုင်းတရားလွှတ်တော် (ရေးလမ်း) စတဲ့ နေရာတွေ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံ ပြောပါတယ်။

ဒီနေ့မနက်လည်း ထားဝယ်မြို့နဲ့ လောင်းလုံးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကြောင်းတွေ ဆက်လက်ဆန္ဒပြနေကြပါတယ်။

ဒီနေ့မနက် ၁၀ နာရီလောက် ကျွန်းမွှေး (သံပုရာကန်လမ်းဆုံ) မှာ ရောက်နေတဲ့ တပ်ဦး သပိတ်စစ်ကြောင်းကို စစ်တပ်က မျက်ရည်ယိုဗုံး၊ သေနတ်တွေနဲ့ စတင်ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် လေးလမ်းဘက်ကို ထွက်သွားကြတယ်လို့ ဒေသခံက ပြောပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ မျက်ရည်ယိုဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြလူငယ်တွေ တိမ်းရှောင်နေကြတာ တွေ့ရပါတယ်။

ထားဝယ်မြို့က ကြက်စားပြင် သပိတ်စစ်ကြောင်းအပါအဝင် အခြားစစ်ကြောင်းတွေလည်း စထွက်နေကြပြီး စစ်ကား ၅ စီးလောက် ကြက်စားပြင်ဘက် ထွက်သွားတာ တွေ့လိုက်တယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ကိုရန်နိုင် (ထားဝယ်)

9 months Ago
Up