ထားဝယ်အထူးစီးပွားရေးဇုန်

December 24, 2022

ထားဝယ်အထူးစီးပွားရေးဇုန် လုံခြုံရေး ရဲကင်း ပစ်ခတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း လုံခြုံရေး ရဲကင်းဟာ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နဘုလယ်ဒေသခံ တဦးက “ရဲကင်းသေနတ်နဲ့ပစ်ခံရတယ်လို့ ကြားတယ်။ အခု ရေနက်ဆိပ်ကမ်း တဝိုက်က ရွာတွေက ရွာသားတချို့တော့ စစ်ကြောင်း ဝင်လာမယ် သတင်းကြားလို့ အကုန်ရှောင်နေကြပြီ။ မနေ့ညကလည်း ပစ်ခတ်သံတချို့ကြားရသေးတယ်“ လို့ ပြောပါတယ်။

အခုပစ်ခတ်မှုဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင် သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

နိုဝင်ဘာလဆန်းပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းကို အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက် စဉ်ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဘက်တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် ရေနက်ဆိပ်ကမ်းတဝိုက်က ကျေးရွာတွေဖြစ်တဲ့ ဧကနိ၊ ဝက်ချောင်း၊ ခမောင်းချောင်း နဲ့ ရငဲရွာတွေက ရွာသားတွေ စစ်ဘေးရှောင်ခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာလည်း ထားဝယ်ရေနက်ဆိပ်ကမ်းရဲကင်းက ရဲတွေလိုက်ပါလာတဲ့ ကားတစီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက  မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားပျက်စီးကာ တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

3 months Ago

November 3, 2022

ထားဝယ်အထူးစီးပွားရေးဇုန်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်ထည်ဖော်မယ့် နဘုလယ်ဒေသကို စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၂ ရက် ညနေကတည်းက အင်အားတိုးချဲ့ ဝင်ရောက်လာပြီး ညပိုင်းမှာ ရေဖြူမြို့နယ် ခမောင်းချောင်းရွာအနီး ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂ ရက် ညနေပိုင်းကလည်း နဘုလယ်ဒေသကို စစ်ကြောင်းထိုးဖို့ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရလိုင်ရွာအနီးမှာ မိုင်းဆွဲခံခဲ့ရပါသေးတယ်။

နဘုလယ်ဒေသခံတယောက်က “မနေ့ညက နှစ်ဖက်စလုံး ပစ်နေကြတာ၊ စစ်တပ်ဘက်ကတော့ လက်နက်ကြီးတွေပါ ပါတယ်။ စစ်ကြောင်းဝင်လာကတည်းက စစ်ကား ၈ စီးနဲ့ ဝင်လာတာ။ နောက်ထပ်လည်း ဝင်လာနေတုန်းပဲ။ ရွာသားတွေကတော့ နီးစပ်ရာတောတောင်ထဲ ရှောင်နေရတယ်” လို့ ပြောပါတယ်။

အင်အားတိုးချဲ့ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၃ ရက်အထိ ပြန်မထွက်သေးတဲ့အပြင် နောက်ထပ် စစ်ကားတွေ ဝင်လာနေသေးတာကြောင့် နဘုလယ်ဒေသ ရွာစဉ်တလျှောက်က ရွာသားတချို့ဟာ နောက်ထပ် ထိတွေ့တိုက်ပွဲ ထပ်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နိုဝင်ဘာ ၂ ရက် ညက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီကရော တော်လှန်ရေးအင်အားစုတွေဘက်ကရော တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီ အရာရှိတယောက် ရေနက်ဆိပ်ကမ်းဒေသကို အခုရက်ပိုင်းအတွင်း ရောက်ရှိလာမှာ ဖြစ်တာကြောင့် နဘုလယ်ဒေသ အပါအဝင် ထားဝယ်မြစ် ဆိပ်ကမ်းတချို့မှာ ကုန်းပေါ်သာမက မြစ်ကြောင်းတွေမှာပါ စစ်အင်အား တိုးချဲ့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရေဖြူမြို့နယ်က ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ရငဲ၊ ရလိုင်၊ ပုဂေါဇွန်း၊ ဝဇွမ်းတော ရွာတွေက ဒေသခံ ၅,၀၀၀ နီးပါး တိမ်းရှောင်ခဲ့ရပြီး ၈၀၀ ကျော် ယာယီစစ်ရှောင်စခန်းမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေး ပြုလုပ်နေတဲ့ ဒေါနတနင်္သာရီအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

5 months Ago
More News
Up