ထားဝယ်အထူးစီးပွားရေးဇုန်အတွက် လမ်းနှင့်အတူ လျှပ်စစ်မီးပါရရှိအောင်ဆောင်ရွက်ပေးမည်

January 19, 2021

အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ၉ ခုစာချုပ် ရပ်ဆိုင်း

အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်း ၉ ခုအတွက် စာချုပ် ချုပ်ထားတာကို အကောင်အထည်ဖော်မှု ကြန့်ကြာတာကြောင့် ရပ်ဆိုင်းလိုက်တယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ပြောပါတယ်။ အီတာလျံ-ထိုင်းကုမ္ပဏီဟာ တင်ပြဖို့နဲ့ ဖြည့်စွက်ဖို့အချက်တွေကို သတ်မှတ်ချိန်အတွင်း ဖြည့်ဆည်းဆောင်ရွက်နိုင်မှု မရှိသလို ဘဏ္ဍာရေးဆိုင်ရာ ပျက်ကွက်မှုတွေကိုလည်း ကုစားနိုင်မှု မရှိတဲ့အတွက် အခုလို ကနဦးအဆင့်စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်တွေကို ရပ်ဆိုင်းဖို့ ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာပြုလုပ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက အခုလို ပြောတာပါ။ အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ ကနဦးအဆင့်စီမံကိန်းလုပ်ငန်း ၉ ခုအတွက် ချုပ်ဆိုထားတဲ့ စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်တွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်ကတည်းက ရပ်ဆိုင်းကြောင်း အကြောင်းကြားစာပေးပို့ထားတာလို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။ “ကော်မတီအနေနဲ့ အခုအကြိမ်မှ မဟုတ်ဘဲ ယခင်နှစ်တွေကတည်းက စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ သို့ရာတွင် ကျနော်တို့ အကြောင်းမဆီလျော်ခဲ့တဲ့အခါမှာ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာပဲ ဖြစ်ပါတယ်။ အခုကတော့ ကျနော်တို့အနေနဲ့ ဒီစီမံကိန်းကို ချုပ်ဆိုထားတဲ့ စာချုပ်တွေနဲ့ပတ်သက်ပြီး ဖျက်သိမ်းလိုက်တဲ့ အခြေနေလေးတရပ်ကလည်း ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ရဲ့ ထုတ်ပြန်လိုက်တဲ့အချက်ကို သက်ဆိုင်ရာကုမ္ပဏီထံကို ပေးပို့ခဲ့တာ ပြီးခဲ့တဲ့ လကုန်က ဖြစ်ပါတယ်။”  စီမံကိန်း ရပ်ဆိုင်းလိုက်တာကြောင့် အီတာလျံ-ထိုင်း ကုမ္ပဏီဘက်က မြန်မာအစိုးရကို ဥပဒေအရ တရားစွဲဆိုလာပါက ကုမ္ပဏီဘက်က ပျက်ကွက်ခဲ့တဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်လုံလုံရှိတာကြောင့် တုံ့ပြန်သွားမှာဖြစ်ပေမယ့် နှစ်ဖက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ စီမံကိန်းဧရိယာ ၂၀၄ စတုရန်းကီလိုမီတာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်မှာ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ အီတာလျံထိုင်းကုမ္ပဏီတို့က ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ ကားလမ်း၊ မီးရထားလမ်းတွေ အကောင်အထည်ဖော်ဖို့ MoU စာချုပ်ချုပ်ဆိုပြီး စတင်ခဲ့တာဖြစ်ပေမယ့် အီတာလျံထိုင်းကုမ္ပဏီအနေနဲ့ ၂၀၁၃ ခုနှစ်မှာ လုပ်ငန်းအကောင်အထည် မဖော်နိုင်တဲ့အတွက် စာချုပ်ဖျက်သိမ်းခဲ့ရပါသေးတယ်။  မူလစီမံကိန်းဧရိယာ ၂၀၄ စတုရန်းကီလိုမီတာအစား ၁၉၆ စတုရန်း ကီလိုမီတာ ပြောင်းလဲသတ်မှတ်ပြီးနောက်ပိုင်း ၂၇ စတုရန်းကီလိုမီတာရှိတဲ့ ကနဦးစီမံကိန်းအတွက် တင်ဒါပြန်လည်ခေါ်ဆိုတာမှာ အီတာလျံ-ထိုင်းကုမ္ပဏီက အနိုင်ရပြီး ပြန်လည်စာချုပ်ခဲ့တာလို့ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။ “ကနဦးစီမံကိန်းလို့ ခေါ်တဲ့ ၂၇ စတုရန်းကီလိုမီတာနဲ့ပတ်သက်ပြီး ချုပ်ဆိုထားတဲ့ လုပ်ငန်းတွေအတွက် အီတာလျံထိုင်းကုမ္ပဏီနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ပင်မစီမံကိန်းလို့ပြောတဲ့ အကြမ်းဖျင်း ၁၇၀ စတုရန်းကီလိုမီတာမှာ ဆောင်ရွက်မယ့် ကိစ္စရပ်တွေမှာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရကြား အစိုးရချင်း ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ နယ်မြေနယ်နိမိတ်ချင်း သီးခြားစီဖြစ်ပါတယ်။ ဒါကြောင့် အခုရပ်ဆိုင်းလိုက်တဲ့ စာချုပ်တွေဟာ အီတာလျံ-ထိုင်းကုမ္ပဏီနဲ့သာ ရပ်ဆိုင်းခြင်းသက်ဆိုင်မှာဖြစ်ပါတယ်။”  ကနဦးစီမံကိန်းနဲ့ပတ်သက်လို့ နောက်ထပ် တင်ဒါခေါ်ဆိုထားတာမရှိသေးဘဲ မြန်မာ-ထိုင်း-ဂျပန်နိုင်ငံတို့ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။  ဂျပန်နိုင်ငံအနေနဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ပါဝင်ဆောင်ရွက်လိုကြောင်း အဆိုပြုလွှာပေးပို့ခဲ့ပြီး မြန်မာအစိုးရက နိုဝင်ဘာလ ၂၀ရက်နေ့မှာ လက်ခံကြောင်း အကြောင်းပြန်ကြားထားတယ်လို့ သိရပါတယ်။
3 months Ago

October 4, 2019

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် လမ်းနှင့်အတူ လျှပ်စစ်မီးပါရရှိအောင်ဆောင်ရွက်ပေးမည်

ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးကို အမြန်ဆုံးရရှိနိုင်အောင် ဆောင်ရွက်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။ အောက်တိုဘာ ၃ ရက်က နေပြည်တော်မှာရှိတဲ့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၉ ကြိမ်မြောက် ပူးတွဲကော်မတီ  အစည်းအဝေးမှာ ဒေါက်တာ ထွန်းနိုင်က ပြောဆိုခဲ့တာပါ။ “အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဒီလျှပ်စစ်ဓါတ်အားရရှိရေးကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် လမ်းရဲ့ ပြီးစီးမှုနဲ့ လျှပ်စစ်ရဲ့ရရှိမှုဟာ မရှေးမနှောင်း (သို့) တပြိုင်နက်တည်းရရှိအောင် ဆောင်ရွက်နေပါပြီ”လို့ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။ မြန်မာ- ထိုင်း နယ်စပ်ကနေ ထားဝယ်စီးပွားရေးဇုန်ကို ဆက်သွယ်မယ့် နှစ်လမ်းသွားကားလမ်းအဆင့်မြှင့်တင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်နေပြီး လိုအပ်တဲ့ ငွေကြေးကိုတော့ ထိုင်းနိုင်ငံအစိုးရက သက်သာတဲ့ ချေးငွေနဲ့ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်အထိ လျှပ်စစ်မီးရရှိနိုင်ဖို့အတွက် မဟာဓါတ်အားလိုင်း မော်လမြိုင် - ရေး - ထားဝယ်ကနေ ရရှိအောင် ဝန်ကြီးဌာနကအနေနဲ့ အာရှဖွံ့ဖြိုး ရေးဘဏ်ရဲ့ သက်သာတဲ့ ချေးငွေရရှိဖို့ ဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။ ထိုင်း-မြန်မာ ပူးတွဲကော်မတီအစည်းအဝေးမှာ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားဖို့၊ ထိုင်းနယ်စပ်နဲ့ DSEZ အကြား နှစ်လမ်းသွား ဖောက်လုပ်ရေး တိုးတက်မှုများကို အသိအမှတ်ပြုဖို့၊ မြန်မာဘက်က ဒုသမ္မတနဲ့ ထိုင်းဘက်က ဒုဝန်ကြီးချုပ် ပါဝင်တဲ့ အဆင့်မြင့် ပူးတွဲ ကော်မတီ အစည်းအဝေးကို အမြန်ဆုံး ကျင်းပသွားဖို့နဲ့ DSEZ အတွင်း ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာရေး နှစ်ဘက် စလုံးက ဖိတ်ခေါ်သွားဖို့ စတဲ့ သဘောတူညီမှုရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် သုံးခုမှာ တခုအပါအဝင်ဖြစ်တဲ့ DSEZ ကို ယခင် အစိုးရလက်ထက်က တည်းက စတင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး စီမံကိန်းနေရာမှာ အခြေခံ အဆောက်အအုံတွေလိုအပ်ချက်နဲ့ တခြားအခြေအနေအရပ်ရပ်ကြောင့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။ 
2 years Ago
Up