ထားဝယ်စီးပွားရေးဇုန် လုပ်ငန်းပြန်စမည်

January 13, 2020

ထားဝယ်စီးပွားရေးဇုန် လုပ်ငန်းပြန်စမည်

စီမံကိန်းလုပ်ငန်းတွေ ရပ်နားထားတာကြာပြီဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည် စတင်တော့မယ်လို့ ဇုန်စီမံခန့်ခွဲမှု ကော်မတီက သတင်းထုတ်ပြန်ပါတယ်။ ကနဦးစက်မှုဇုန်နယ်မြေစီမံကိန်းအတွက် လုပ်ပိုင်ခွင့်စာချုပ်တွေပြင်ဆင်လိုက်ပြီဖြစ်ပြီး ဒါဟာ ကနဦးအဆင့် စီမံကိန်း ၈ ခု အကောင်အထည်ပေါ်လာရေးအတွက် အဓိကအခြေခံအချက် ဖြစ်တယ်လို့ ဆိုပါတယ်။ စီမံကိန်းအတွက် ငွေလုံးငွေရင်း အရင်းအနှီးနဲ့ တိကျသေချာတဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်တွေကို တာဝန်ယူမယ်ဆိုတဲ့ အထောက်အထားတွေ အီတာလျံ- ထိုင်းကုမ္ပဏီဆီက ရပြီးတာနဲ့ စီမံကိန်းစတင်ဆောင်ရွက်နိုင်ဖို့ အကြောင်းကြားမယ်လို့ ကော်မတီက ဆိုပါတယ်။ ဒီလို စာချုပ်တွေပြင်ဆင်သတ်မှတ်လို့ မြန်မာအစိုးရအတွက် ပိုပြီးစွန့်စားရတာ၊ ငွေကြေး အကျိုးအမြတ် လျော့နည်းတာတွေ မဖြစ်စေဘဲ စက်မှုဇုန်လုပ်ငန်းအတွက် ငွေကြေးလိုအပ်ချက်ရဖို့ အခွင့်အလမ်းပိုရစေပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် လုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ကနေ ထိုင်းနယ်စပ်အထိ ၂ လမ်းသွားလမ်းဖောက်ဖို့အတွက် ထိုင်း အစိုးရက ဘတ်ငွေ သန်း ၄၀၀၀ ကျော်ချေးဖို့ သဘောတူထားတာလည်း ဖြစ်ပါတယ်။ စီမံကိန်း စတင်တာနဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ နောက်ထပ်လာရောက်မယ့် ရင်းနှီးမြှုပ်နှံသူ တွေ အနေနဲ့ စီမံကိန်းတွေကြောင့် ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးတာ၊ ရွှေ့ပြောင်းပေးတာ တွေ လုပ်ရမှာဖြစ်ပြီး ဒါကို နိုင်ငံတကာစံနှုန်းတွေနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အခြေအနေတွေကို ပြည့်မီ ကိုက်ညီအောင်လုပ်ရမယ်လို့ ကော်မတီက ဆိုပါတယ်။ ကနဦးစီမံကိန်းလုပ်ငန်းတွေမှာပါတဲ့ တခြားစီမံကိန်းတွေအတွက်လည်း စာချုပ်တွေ ပြင်ဆင် သွားမယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ သဘာဝဓာတ်ငွေ့ရည် ဆိပ်ကမ်းစီမံကိန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဆိပ်ကမ်းငယ် စီမံကိန်းတွေ ပါဝင်ပါတယ်။ အီတာလျံ - ထိုင်းကုမ္ပဏီက ကနဦးစီမံကိန်းကို အကောင်အထည်ဖော်နေချိန်မှာ ထားဝယ် အထူး စီးပွားရေးဇုန်ထဲမှာ တခြားစီမံကိန်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စတင် ဆောင်ရွက်နေတယ် လို့လည်း ကော်မတီက ဆိုပါတယ်။
1 year Ago
Up