ထရီဇာမေ

June 13, 2018

အီးယူမှ ဗြိတိန်နုတ်ထွက်ရေး မဲပေး၊ ဝန်ကြီးချုပ် ထရီဇာမေ အနိုင်ရ

ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး သဘောတူညီချက် နောက်ဆုံးအဆင့်အတွက် ဗြိတိန်လွှတ်တော်အတွင်း မဲပေးရာမှာ ဝန်ကြီးချုပ် ထရီဇာမေက အနိုင်ရခဲ့ပါတယ်။ ဝန်ကြီးချုပ် မေဟာ သူ့ပါတီအတွင်းက ဥရောပသမဂ္ဂကို လိုလားတဲ့ သဘောထား မတိုက်ဆိုင်သူတွေအပေါ် ဇွန်လ ၁၂ ရက်နေ့က လွှတ်တော်အတွင်း မဲအသာနဲ့ အနိုင်ရခဲ့ပါတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေး ဘရက်ဇစ် (Brexit) အတွက် စည်းမျဉ်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီနှစ်နှောင်းပိုင်းမှာ လွှတ်တော်အတွင်း မဲပေးဖို့ အစီအမံတွေကို ညှိနှိုင်းခဲ့ရတာပါ။ နီးနီးကပ်ကပ် စောင့်ကြည့်နေတဲ့ လွှတ်တော်တွင်း စကားရည်လုပွဲအပြီး ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၉၈ မဲနဲ့ အနိုင်ရတာလည်း ဖြစ်ပါတယ်။ တကယ်လို့ လွှတ်တော်က ဘရက်ဇစ်ရဲ့ နောက်ဆုံးအဆင့် သဘောတူညီချက်ကို ပယ်ချခဲ့ရင် အစိုးရအဖွဲ့ ဝန်ကြီးတယောက်က ၂၈ ရက်အတွင်း အစိုးရအစီအမံတွေကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ စလုပ်ရမယ်ဆိုတဲ့ အဆိုပြုချက်ကို လက်ခံဖို့ မဲပေးခဲ့တာပါ။ ဘရက်ဇစ် သဘောတူညီချက်ကို အာမခံပေးဖို့ မေဘက်က ပျက်ကွက်ရင် ဝန်ကြီးချုပ် မေရဲ့ သြဇာကို လှိုက်စားဖို့ ခြိမ်းခြောက်တဲ့ ပုန်ကန်မှုတွေ မဖြစ်လာရေး လွှတ်တော်ကို သြဇာပိုပေးဖို့နဲ့ ဥရောပသမဂ္ဂ လိုလားတဲ့ ထိပ်သီး လွှတ်တော်အမတ်ရဲ့ စကားကို နားထောင်ပေးဖို့လည်း ကတိပေးခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ လက်ရှိ အစိုးရအစီအမံကို လွှတ်တော်အမတ်တွေက ကျောထောက်နောက်ခံပေးခဲ့လို့ ဝန်ကြီးချုပ်ကို စိန်ခေါ်မှုတွေ အဆုံးသတ်ခဲ့တာပါ။ ဒီအလျှော့ပေးမှုကြောင့် ဥရောပသမဂ္ဂက ဗြိတိန်နဲ့ အနီးကပ်ဆုံး ဆက်ဆံရေးတွေ ထိန်းထားဖို့ ဗြိတိန်ကို အားပေးဖို့ ကြိုးစားနိုင်ရေး လမ်းပွင့်သွားမှာကိုလည်း ဘရက်ဇစ် လှုပ်ရှားသူတွေက စိုးရိမ်နေပါတယ်။ ဒီအရေးအတွက် ပိုအသေးစိတ်တဲ့ စီမံကိန်းတရပ် ကမ်းလှမ်းပြီး နှောင့်နှေးနေတဲ့ နုတ်ထွက်ရေးကိစ္စကို ရှေ့တိုးလုပ်ဖို့ ဖိအားတိုးလာတာကို ဝန်ကြီးချုပ် မေက ခံနေခဲ့ရတာပါ။ အခုမဲပေးပွဲအပြီးမှာ ဗြိတိန်ငွေကြေး စတာလင်ပေါင်ရဲ့ တန်ဖိုးဟာ ယူရိုငွေ၊ အမေရိကန်ဒေါ်လာတို့နဲ့ နှိုင်းယှဉ်ရင် ငွေလဲနှုန်းမှာ တန်ဖိုးတက်သွားခဲ့ပါတယ်။
3 years Ago
Up