အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံဆွေးနွေးဖို့ကိစ္စဟာ ဖြစ်နိုင်ခြေနည်းသွားပြီလို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့လိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားထားတာပါ။
“သမ္မတအနေနဲ့ အမေရိကန်နိုင်ငံသား အော်တိုဝမ်ဘီယာ ဆုံးရှုံးသွားတဲ့ကိစ္စအပေါ် ဘယ်လို ခံစားရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ မြောက်ကိုရီးယားအပေါ် စီးပွားရေး၊ နိုင်ငံရေးဖိအားတွေ ဆက်ပေးသွားမှာပါ။ ကျနော်တို့ မဟာမိတ်တွေနဲ့ အတူတူပေါ့။ ကျနော်တို့အစိုးရရဲ့ ၅ လသက်တမ်းအတွင်းမှာ တရုတ်အပေါ်ကိုလည်း ကောင်းကောင်းမွန်မွန် တုံ့ပြန်ဆောင်ရွက်ခဲ့တာဆိုတော့ သူတို့နဲ့ ဆက်လက်ပူးပေါင်းပြီးတော့ မြောက်ကိုရီးယားရဲ့ ဒီအမူအကျင့်တွေ၊ ဒီစနစ်တွေ ပြောင်းသွားအောင် သင့်တော်တဲ့ ဖိအားပေးသွားမှာပါ” လို့ အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရှောင်စပေဆာက ပြောပါတယ်။
“ကျနော်တို့ဟာ မြောက်ကိုရီးယားအပေါ်ကို စီးပွားရေး၊ နိုင်ငံရေးဖိအားကို ပြင်းပြင်းထန်ထန် ချမှတ်ထားတာပါ။ ဒီဖိအားကို ဆက်ပေးသွားမှာပါ။ စောစောက ပြောခဲ့သလိုပါပဲ။ တရုတ်ရဲ့ အခန်းကဏ္ဍဟာ ဒီအခြေအနေကို အဆုံးအဖြတ်ပေးဖို့ အရေးပါဆဲပါပဲ။ ဒီတော့ ကျနော်တို့ တရုတ်နဲ့ ဆက်ပြီးတော့ ဆွေးနွေးညှိနှိုင်းသွားဖို့ မျှော်လင့်ပါတယ်။ မြောက်ကိုရီးယားကို ဖိအားပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာရော၊ စီးပွားရေးအရပါ ခြေလှမ်းကောင်းတွေ လှမ်းနေတယ်လို့ ကျနော်ထင်ပါတယ်” လို့ ရှောင်စပေဆာ က ပြောကြားသွားပါတယ်။
6 years Ago