ထရမ့်နှင့် ရုရှားဆက်ဆံရေး စုံစမ်းဖော်ထုတ်ရန် အက်ဖ်ဘီအိုင်ညွှန်မှူးဟောင်းကို ခန့်အပ်

May 18, 2017

ထရမ့်နှင့် ရုရှားဆက်ဆံရေး စုံစမ်းဖော်ထုတ်ရန် အက်ဖ်ဘီအိုင်ညွှန်မှူးဟောင်းကို ခန့်အပ်

အမေရိကန်တရားရေးဌာနဟာ “သမ္မတ ထရမ့်နဲ့ ရုရှားရဲ့ဆက်ဆံရေး” ကို စုံစမ်းဖော်ထုတ်ဖို့အတွက် အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မြူလာကို မေလ ၁၇ ရက်နေ့က အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန် ရှုံးနိမ့်ပြီး သမ္မတထရမ့် အနိုင်ရရှိရေးအတွက် ရုရှားစပိုင်တွေက ဆိုက်ဘာနည်းပညာ တိုက်ခိုက်မှုတွေသုံးပြီး ကူညီခဲ့တယ်ဆိုတဲ့ ဝေဖန်သံတွေ ဆူဆူညံညံ ထွက်ပေါ်ခဲ့ပါတယ်။ ဒီဝေဖန်မှုတွေကို ဖြေလျော့လိုတဲ့ ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အက်ဖ်ဘီအိုင် အကြီးအကဲ ဂျိမ်းစ်ကိုမီက ကြိုးစားခဲ့ပေမယ့် ဂျိမ်းစ်ကိုမီကို သမ္မတထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အလုပ်ဖြုတ်ခဲ့ပါတယ်။ ဒီ့အတွက် ဝေဖန်သံတွေ ပိုပြီး ဆူဆူညံညံ ထွက်ပေါ်လာပါတယ်။ ဒါေ့ကြာင့် တရားရေးဌာနက သမ္မတထရမ့်နဲ့ ရုရှားအစိုးရရဲ့ ဆက်ဆံရေး၊ အမေရိကန်ရွေးကောက်ပွဲမှာ တကယ်ပဲ ရုရှားဘက်က ဝင်ရောက်စွက်ဖက်မှု ရှိမရှိဆိုတာကို အတိအကျ စစ်ဆေးဖို့အတွက် အဖွဲ့တခုဖွဲ့စည်းပြီး အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မြူလာကို အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင် ခန့်အပ်လိုက်တာပါ။ “ထောက်လှမ်းရေး အသိုင်းအဝိုင်းရဲ့ အမြင့်ဆုံးဦးစားပေးမှုက ကျနော်တို့နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ကိစ္စကို နားလည်ဖို့နဲ့ ချေမှုန်းဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေကိုလည်း ကျနော်တို့ အတိအကျ လိုက်နာရပါမယ်။ စုံစမ်းမှုတွေ လုပ်တဲ့အခါ အမေရိကန်ပြည်သူတွေက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကို မထိခိုက်စေချင်တာကိုလည်း ကျနော်တို့ နားလည်ပါတယ်။ အခု ကျနော်တို့တိုင်းပြည် လုံခြုံရေးအတွက် ကျနော်တို့ စုံစမ်းမှုတွေ လုပ်ပါတော့မယ်။ ဒီအစီအစဉ်ကို အမေရိကန်ပြည်ထောင်စုရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အမြင့်ဆုံး ပြည်ထောင်စုတရားရုံးက အတည်ပြုပြီးပါပြီ” လို့ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မြူလာက ပြောကြားသွားပါတယ်။
4 years Ago
Up