အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ရဲ့ ဆွေးနွေးပွဲဟာ အင်မတန် အပြုသဘော ဆောင်တယ်လို့ အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံက သမ္မတတွေဟာ သောကြာနေ့ ဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားအရေး ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ဆက်ဆွေးနွေးဖို့ သဘောတူခဲ့တယ်၊ ဆီးရီးယားအရေး အတူ အလုပ်လုပ်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရဲ့က်စ် တေလာဆန်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ G20 ထိပ်သီးညီလာခံရဲ့ ဆက်စပ် အစည်းအဝေးအတွင်း ဆွေးနွေးပြီးချိန်မှာ ခုလို ပြောလိုက်တာပါ။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ အတွင်း ရုရှားရဲ့ စွက်ဖက်မှု ရှိခဲ့သလားဆိုတာ ထရမ့်က ပူတင်ကို ဖိအားပေး မေးမြန်းခဲ့တယ်။
ပူတင်က ထပ်ငြင်းခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တေလာဆန်ကရော ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်ကပါ ပြောခဲ့ပါတယ်။
ပြည်တွင်းစစ် ၆ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက စစ်မြေပြင် တခုမှာ အပစ်အခတ် ရပ်စဲရေးနဲ့ တင်းမာမှု ပြေလျော့ရေး အမေရိကန်၊ ရုရှားနဲ့ ဂျော်ဒန် အစိုးရတို့ ကြား သဘောတူခဲ့ကြတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
အပစ်အခတ် ရပ်စဲရေးဟာ ဒမတ်စကတ် စံတော်ချိန် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ စတင် သက်ရောက်မှာပါ။
အမေရိကန်နဲ့ ရုရှား သမ္မတတွေရဲ့ အပြန်အလှန် ဆွေးနွေးပွဲဟာ ၂ နာရီ ၁၅ မိနစ် ကြာခဲ့တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
6 years Ago