ထရမ့်၏မူဝါဒအပေါ်

January 27, 2017

ထရမ့်၏မူဝါဒအပေါ် ဆန့်ကျင်သည့်အနေဖြင့် မွတ်စလင်အဖြစ်ခံယူရန် အသင့်ရှိဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောလ်ဘရိုက်နဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မေယင် ဘီယာလစ်က်တို့က သမ္မတသစ် ထရမ့်ရဲ့ မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် တင်းကျပ်တဲ့မူဝါဒတွေကို ဆန့်ကျင်တဲ့အနေနဲ့ သူတို့ကိုယ်တိုင် မွတ်စလင်အဖြစ်ခံယူဖို့ အဆင်သင့်ရှိကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောလ်ဘရိုက်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ “ကျမ ကက်သလစ်တယောက်အဖြစ် ကြီးပြင်းလာပါတယ်။ နောက်တော့ ကျမမိသားစုဟာ ဂျူးလူမျိုးတွေဆိုတာ သိခဲ့ရပါတယ်။ အခုတော့ သွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ မွတ်စလင်တယောက်အဖြစ် မှတ်ပုံတင်ဖို့ ကျမ အဆင်သင့်ဖြစ်နေပါပြီ” လို့ ရေးသားခဲ့ပါတယ်။ အမေရိကန် ရုပ်ရှင်မင်းသမီး မေယင် ဘီယာလစ်က်ကလည်း “ကျမက ဂျူလူမျိုးတယောက်ဖြစ်ပါတယ်။ တကယ်လို့ ဥပဒေတွေ အတည်ဖြစ်လာရင် မွတ်စလင်တွေနဲ့အတူ သွေးစည်းညီညွတ်တယ်ဆိုတာကို ပြသတဲ့အနေနဲ့ မွတ်စလင်အဖြစ် မှတ်ပုံတင်ဖို့ အဆင်သင့်ရှိပါတယ်” လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ရိုက်တာသတင်းဌာနက ရရှိထားတဲ့ သတင်းတွေအရ သမ္မတသစ် ထရမ့်ဟာ ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေကို ခေါ်ယူရေး ရပ်တန့်မယ့် အမိန့်မူကြမ်းကို လာမယ့်ရက်တွေအတွင်း တရားဝင် လက်မှတ်ထိုးဖို့ရှိပါတယ်။ အဲ့ဒီမူကြမ်းအရ ဆီးရီးယား၊ ဆူဒန်၊ ဆိုမားလီးယား၊ အီရတ်၊ အီရန်၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံတွေက ဒုက္ခသည်တွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူအားလုံးကို အမေရိကန်ပြည်ထောင်စုမှာ လက်ခံရေးကိစ္စကို ခေတ္တဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။ ဒီ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမေရိကန်ပြည်ထောင်စုရှိ မူဆလင်အသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်နေကြောင်း ဝါရှင်တန်ကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up