ထရမ့်ပြော

March 11, 2018

မြောက်ကိုရီယား ငြိမ်းချမ်းရေးလိုချင်ဟု ထင်ကြောင်း ထရမ့်ပြော

မြောက်ကိုရီးယားဟာ ငြိမ်းချမ်းရေးလိုချင်တယ်လို့ မိမိထင်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။ မတ်လ ၁၀ ရက်နေ့က ပင်ဆာဗေးနီးယား ပြည်နယ်မှာပြုလုပ်တဲ့  ရီဘတ်ပလီကန် အမတ်လောင်း ရစ်ဆာကိုနီအတွက် မဲဆွယ်စည်းရုံးပွဲမှာ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒါပေမယ့် ကျနော်တို့ဟာ အင်အားကြီးမားတယ်။ နောက်ပြီး သတိဝီရိယကြီးတယ်။ အခုဆိုရင် ကောင်းသတင်းတွေ လာတော့မယ်။ သူတို့တွေ ဒုံးကျည်တွေ ထပ်မလွှတ်တော့ဘူးလို့ အစည်းဝေးတွေမှာ ကြေညာတယ်။ စဉ်းစားကြည့်လေ။ ဂျပန်နိုင်ငံ ၀မ်းသာသွားပြီ။ ဂျပန်ပေါ်ကို ဖြတ်ပြီး ဒုံးကျည်တွေ လွှတ်နေတာလေ။ ကျနော်တို့လုပ်တာကို သူတို့သဘောကျတယ်။ တခြားဘယ်သူ လုပ်နိုင်မှာလဲ။ မြောက်ကိုရီးယားက ဒုံးကျည်တွေ မပစ်လွှတ်တော့ဘူး။ အဲဒါကို ကျနော် ယုံကြည်တယ်။ မြောက်ကိုရီးယားဟာ ငြိမ်းချမ်းရေး လိုချင်တယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့ အင်အားပြလိုက်တယ်လေ။ အဲဒါက အရေးကြီးပါတယ်။ မြောက်ကိုရီးယားကနေ ပြန်လာတဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်တွေက ပြောတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သမ္မတထရမ့်နဲ့ တွေ့ဆုံချင်တယ်တဲ့။ သူတို့က ပြောတယ်။ သမ္မတ  အိုဘားမား လက်ထက်တုန်းကလည်း လုပ်နိုင်တယ်တဲ့။ ကျနော်ပြောတာကို ယုံစမ်းပါ။ အိုဘားမား မလုပ်နိုင်ပါဘူး။ အိုဘားမားလည်း မလုပ်နိုင်ဘူး။ ဘွတ်ရှ်နဲ့ ကလင်တန်လည်း မလုပ်နိုင်ဘူး။ သူတို့တွေ ကြိုးစားကြည့်တယ်။ သူတို့လုပ်တာ အရာမထင်ပါဘူး” လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သမ္မတထရမ့်နဲ့ တွေ့ဆုံလိုတဲ့ ဖိတ်ကြားချက်ကို အိမ်ဖြူတော်ကို လာရောက်လည်ပတ်တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကနေတဆင့် အမှာပါးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
3 years Ago

December 18, 2017

အထူးစုံစမ်းရေးမှူးအား ရာထူးမှထုတ်ပယ်မည်မဟုတ်ဟု ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ အထူးစုံစမ်းရေးမှူး ရောဘတ်မူလာကို ရာထူးကနေ ထုတ်ပစ်ဖို့ မစဉ်းစားပါဘူးလို့ ပြောကြားလိုက် ပါတယ်။ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့အသုံးပြုခဲ့တဲ့ အီးမေးလ်တွေကို ရောဘတ်မူလာ ကြည့်ရှုခွင့်ရသွားတာနဲ့ ပတ်သက်ပြီး မေးရာမှာတော့ သမ္မတ ထရမ့်က “အခြေအနေ မကောင်းပါဘူး။ အဲဒါကို မြင်တွေ့ရတာ စိတ်မကောင်းပါဘူး။ ကျနော့်လူတွေ စိတ်ပျက်ကုန်တယ်။ ကျနော်တို့ဟာ ရုရှားနဲ့ ပူးပေါင်းတာ မရှိပါဘူးလို့ ပြောထားတဲ့အတွက်ဒီအီးမေးလ်တွေမှာ ဘာရှိမှာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုရှားနဲ့ ပူးပေါင်းတာ မရှိဘူး။ အဲဒီလို ရောဘတ်မူလာ အီးမေးလ်တွေ ကြည့်ခွင့်ရသွားတာကို  ရှေ့နေအတော်များများကတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြောပါတယ်။ ရောဘတ်မူလာကို ရာထူးကနေ ထုတ်ပစ်ဖို့ စဉ်းစားနေလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ “ကျနော် မစဉ်းစားပါဘူး။ ဘာလဲ။ ခင်ဗျား အံ့အားသင့်သွားလား” လို့ သမ္မတ ထရမ့်က ဖြေကြားခဲ့ပါတယ်။ ရောဘတ်မူလာဟာ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှူး ဖြစ်ပါတယ်။ မကြာသေးခင်ရက်တွေက ဒီမိုကရက်အမတ်တွေဟာ သမ္မတထရမ့်အနေနဲ့ ရောဘတ်မူလာကို ရာထူးကနေ ထုတ်ပစ်နိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
4 years Ago
More News
Up