အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၉ လတာ ကာလအတွင်း အိမ်ဖြူတော်တွင်း အခြေအနေတွေကို ရှုတ်ချရေးသားထားတဲ့ စာအုပ်ကို ဒီကနေ့ စတင်ဖြန့်ချိတော့မှာဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
Fire and Fury: Inside the Trump White House လို့ အမည်ပေးထားတဲ့ ဒီစာအုပ်ကို ထုတ်ဝေခွင့်မရနိုင်အောင် ထရမ့်ရဲ့ရှေ့နေတွေက ပိတ်ပင်ဖို့ ကြိုးစားခဲ့ကြတာကို တုံ့ပြန်တဲ့အနေနဲ့ ထုတ်ဝေသူတွေက အချိန် ၄၇ ရက်စောပြီး ဒီကနေ့ စတင်ဖြန့်ချိလိုက်တာပါ။
စာအုပ်ကို ရေးသားတဲ့ မိုက်ကယ်ဝုလ်ဖ်ကတော့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ခုလိုရေးထားခဲ့တာကို တွေ့ရပါတယ်။
“ကျနော်တို့စာအုပ် ထွက်လာတော့မယ်ဗျို့။ မနက်ဖြန်ဆို ဝယ်ဖတ်နိုင်ပါပြီ။ ကျေးဇူးပါ သမ္မတကြီး။”
ထရမ့်ရဲ့သားနဲ့ ရုရှားရှေ့နေတဦး တွေ့ဆုံမှုဟာ မျိုးချစ်စိတ်ကင်းမဲ့ပြီး သစ္စာဖောက်ဖျက်ရာကျတယ်ဆိုပြီး အိမ်ဖြူတော် နည်းဗျူဟာပိုင်းဆိုင်ရာ အကြီးအကဲဟောင်းတဦးဖြစ်တဲ့ စတိဗ်ဘန်နွန်ရဲ့ ဝေဖန်စွပ်စွဲမှုတွေကိုလည်း ဒီစာအုပ်ထဲမှာ ထည့်သွင်း ရေးသားထားခဲ့ပါတယ်။
ထရမ့်ရဲ့ ရှေ့နေတွေကတော့ ဒီစာအုပ်ထဲမှာ အစိုးရအကြောင်း မဟုတ်မမှန် ရေးသားဖော်ပြချက်တွေ အများအပြား ပါဝင်နေပြီး ဒါတွေကို စိစစ်အရေးယူသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီစာအုပ်ဟာ အများပြည်သူကြား စိတ်ဝင်စားစရာ ဖြစ်နေခဲ့ပြီး အချေအတင် အငြင်းပွားစရာ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
3 years Ago