ထရမ့်ကိုပြော

March 2, 2018

မြောက်ကိုရီးယားသို့ ကိုယ်စားလှယ်စေလွှတ်မည့်ကိစ္စ မွန်ဂျေအင်းက ထရမ့်ကိုပြော

မြောက်ကိုရီးယားကို အထူးကိုယ်စားလှယ် စေလွှတ်သွားမယ်ဆိုတဲ့ ကိစ္စကို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အိုလံပစ်ပွဲ တက်ရောက်ခဲ့တဲ့ ထိပ်တန်းကိုယ်စားလှယ်ကတဆင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းထံကို စာနဲ့ရေးသားပြီး တောင်ကိုရီးယားကို အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားခဲ့တာပါ။ အဲဒီဖိတ်ကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားက အထူးကိုယ်စားလှယ် စေလွှတ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ အဲဒီလို အထူးကိုယ်စားလှယ် စေလွှတ်မယ့်အကြောင်းကို မတ်လ ၁ ရက်နေ့က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ အမေရိကန်သမ္မတ ထရမ့်တို့ တယ်လီဖုန်းနဲ့ စကားပြောရာမှာ တောင်ကိုရီးယားသမ္မတက ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ “သမ္မတ အိမ်ပြာတော်ရဲ့ စာနဲ့ထုတ်ပြန်ချက်အရ သိရတာက  မြောက်ကိုရီးယားကို ကိုယ်စားလှယ်စေလွှတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြောကြားခဲ့တယ်ဆိုတာပါပဲ။ အခုလို တောင်ကိုရီးယား ကိုယ်စားလှယ်စေလွှတ်ဖို့ စီစဉ်တာဟာ မြောက်ကိုရီးယားကိုယ်စားလှယ် အဖွဲ့  တောင်ကိုရီးယားကိုလာရောက်စဉ်  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖိတ်ကြားစာရ အပြီးမှာ စီစဉ်လိုက်တာဖြစ်တယ်လို့” တောင်ကိုရီးယားနိုင်ငံရဲ့ တောင်နဲ့မြောက် ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘိတ်တေဟွန်းက ပြောကြားသွားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ တောင်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲ ဆူ့ဟွန်းနဲ့ ကိုရီးယားပေါင်းစည်းရေးဝန်ကြီး ချိုမြောက်ဂွန်းတို့တို့ကို  အထူးကိုယ်စားလှယ်ရွေးချယ် စေလွှတ်ဖို့ ကိစ္စ စဉ်းစားနေတယ်လို့လည်း အမည်မဖော်လို့တဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောစကားကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up