ထရမ့်ထောက်ခံသူ

A d v e r t i s e m e n t With Us

January 7, 2021

ထရမ့်ထောက်ခံသူများ၏ လွှတ်တော်သို့ ဝင်ရောက်စီးနင်းမှု မိုက်ခ်ပန့်စ် အပြစ်တင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက အမေရိကန်အောက်လွှတ်တော် အဆောက်အအုံကို ဇန်နဝါရီ ၆ ရက်က ဝင်ရောက်စီးနင်းတဲ့ အကြမ်းဖက်လုပ်ရပ်ကို ဒုသမ္မတ မိုက်ခ်ပန့်စ်က ပြစ်တင် ရှုံ့ချလိုက်ပါတယ်။ သမ္မတ ရွေးကောက်ပွဲရလဒ် မှန်ကန်ကြောင်း တရားဝင်ထုတ်ပြန်ချက်ကို ပိတ်ဆို့ဖို့ သူတို့ က ကြိုးစားခဲ့ကြတာပါ။ “အကြမ်းဖက်မှုက ဘယ်တော့မှ မနိုင်ဘူး။ ခင်ဗျားတို့ မနိုင်ဘူး” လို့ မိုက်ခ်ပန့်စ်က ထရမ့်ကို ထောက်ခံ သူတွေကို ပြောပါတယ်။ အောက်လွှတ်တော်ကို နောက်ပိုင်းမှာ ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး အထက်လွှတ်တော်က လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ ပန့်စ်က တိုက်တွန်းပါတယ်။  နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် ဆန္ဒပြကြဖို့ ထရမ့်က သူ့နောက်လိုက်တွေကို ဆော်သြ ခဲ့တာပါ။ ဒါကြောင့် ထရမ့်ကို ထောက်ခံသူ ရာချီဟာ အမေရိကန်ဒီမိုကရေစီရဲ့ သင်္ကေတ အောက်လွှတ်တော်အဆောက်အအုံကို သိမ်းပိုက်ပြီး ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အောင်ပွဲ ကို တရားဝင် အသိအမှတ်ပြုမယ့် လွှတ်တော်အစည်းအဝေးကို ယာယီ ရွှေ့ဆိုင်း ရအောင် လုပ်ခဲ့ ကြတာပါ။ ရဲတွေက လွှတ်တော်အမတ်တွေကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ရပြီး ထရမ့်ကို ထောက်ခံသူတွေ လွှတ်တော်ထဲကနေ ရှင်းထုတ်ဖို့ ရဲတွေက အချိန် သုံးနာရီကျော် ကြာအောင် ကြိုးစားခဲ့ရပါတယ်။ ရုန့်ရင်းဆန်ခတ်ဖြစ်နေချိန် ပစ်ခတ်မှုကြောင့် အမျိုးသမီး တယောက် သေဆုံးတယ်လို့ ဝါရှင်တန်ရဲဌာနက ပြောပါတယ်။  ရဲတွေက ဖောက်ခွဲရေးပစ္စည်းလို့ သံသယရှိတဲ့ ပစ္စည်း ၂ ခုကို ဖြုတ်သိမ်းခဲ့ရတယ်လို့ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI က ပြောပါတယ်။  အထက်လွှတ်တော်ဥက္ကဋ္ဌ မစ်ချ်မက်ကောနဲလ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲ  အောင်မြင်သူ ကို တရားဝင် အသိအမှတ်ပြုထောက်ခံချက် ထုတ်ပေးမယ်လို့ ပြောရင်း ထရမ့်ကို ထောက်ခံသူ တွေရဲ့ တိုက်ခိုက်မှုကတော့ မအောင်မြင်တဲ့ ဆူပူအုံကြွမှုလို့ ခေါ်ဝေါ် သုံးနှုန်း လိုက်ပါတယ်။  မဲပေးရေးလုပ်ငန်းစဉ်ကို ဒေါသထွက်ကြောင်း ပြတဲ့အနေနဲ့ အောက်လွှတ်တော်ဆီ ချီတက်ကြဖို့နဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချရေး ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေကို ဖိအားပေးဖို့ ထရမ့်က သူ့ကို ထောက်ခံ သူတွေကို ပြောခဲ့တဲ့အပြင် တိုက်ခိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ထရမ့်ကို နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ ဒီမိုကရက်ပါတီဝင် ဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ စီစဉ်ထားပါတယ်။ သူကတော့ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ ပုန်ကန်ဖို့ လှုံ့ဆော်ရာ ရောက်လုနီးပါး လုပ်ရပ်အဖြစ် ပြောပါတယ်။
3 weeks Ago

အမေရိကန်လွှတ်တော်ကို ထရမ့်ထောက်ခံသူများ ဝင်ရောက်စီးနင်း

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတ ထရမ့်ရှုံးနိမ့်တာကို လက်မခံဘဲပယ်ချတဲ့ ကြိုးပမ်းမှုအဖြစ်  ဇန်နဝါရီ ၆ ရက်က ထရမ့်ထောက်ခံသူ ရာချီပြီး   အမေရိကန်လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ လွှတ်တော်ကို ဝင်စီးနင်းတဲ့ လုပ်ရပ်ဟာ အမေရိကန် ဒီမိုကရေစီကို သိမ်းပိုက်တာဖြစ်ပြီး စီးနင်းမှုကြောင့် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရတာကို အသိမှတ်ပြုမယ့် အစည်းဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။  ဒါကြောင့် ရဲတွေက သေနတ်တွေကိုထုတ် ၊ မျက်ရည်ယို ဓာတ်ငွေ သုံးပြီး လွှတ်တော်အမတ်တွေကို ဘေးလွတ်ရာ ပြောင်းခဲ့ပါတယ်။  ဒါ့အပြင် ထရမ့်ထောက်ခံသူတွေကို လွှတ်တော်ကနေ ဖယ်ရှားဖို့ ရဲတွေဟာ အချိန် ၃ နာရီ ကျော်ကြာ ကြိုးပမ်းခဲ့ရပါတယ်။  ဒီဖြစ်ရပ်ဟာ အမေရိကန်လွှတ်တော်ကို ဗြိတိသျှစစ်တပ်မီးရှို့ခဲ့တဲ့ ၁၈၁၄ နောက်ပိုင်း အပျက်အစီးအများဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့  အမေရိကန်လွှတ်တော်သမိုင်းအဖွဲ့က ဆိုပါတယ်။  အမေရိကန်လွှတ်တော်ကို စီးနင်းတာနဲ့ပတ်သက်လို့ သမ္မတ ထရမ့်က ထောက်ခံသူတွေကို အိမ်ပြန်ကြဖို့နဲ့ အကြမ်းမဖက်ဖို့ ပြောဆိုခဲ့ပါတယ်။  ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ကတော့ ဒီလုပ်ရပ်ဟာ ဆန္ဒပြတာ မဟုတ်ဘဲ ဆူပူအုံကြွမှု ဆိုပြီး ခေါ်ဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါ။
3 weeks Ago

October 30, 2020

ဂျိုးဘိုင်ဒင်မဲဆွယ်ပွဲ သွားသူများကို ထရမ့်ထောက်ခံသူများက မခံချင်အောင် ရန်စ

အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် အကြိတ်အနယ်ရှိလှတဲ့ ဖလော်ရီဒါပြည်နယ်မှာ အောက်တိုဘာလ ၂၉ ရက်က ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင် မဲဆွယ်ပွဲသွားမယ့်သူတွေကို သမ္မတ ထရမ့်ထောက်ခံသူတွေက မခံချင်အောင် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွါခွါနေရေး စည်းကမ်းချက်တွေအရ ဘိုင်ဒင်ထောက်ခံသူတွေက မော်တော်ယာဉ်တွေနဲ့ သွားချိန်မှာ  ထရမ့်ထောက်ခံသူတွေက "ဆိုရှယ်လစ်ဝါဒဟာ ဆိုးဝါးတယ်" "အမေရိကန်လူမည်းတွေဟာ ဒီမိုကရက်တွေကို မဲပေးစရာ မလိုဘူး" စတဲ့ စာတန်းတွေကိုင်ပြီး ရန်စကြတာပါ။  ဘိုင်ဒင်ထောက်ခံသူ တစ်ယောက်ကလည်း "ငါတို့က ကွန်မြူနစ်တွေ မဟုတ်ဘူး" လို့ စပိန်ဘာသာစကားနဲ့ ပြန်အော်ပြောခဲ့ပါတယ်။ ဖလော်ရီဒါဟာ စပိန်အနွယ် အတော်များများရှိရာ ပြည်နယ်ဖြစ်ပြီး တောင်ပိုင်းက ကျူဘားအနွယ် အမေရိကန်တွေကတော့ အစဉ်အလာအားဖြင့် ရီပတ်ဘလီကန်ကို ထောက်ခံပါတယ်။  ဖလော်ရီဒါအလယ်ပိုင်းက ပွါတိုရီကန် အသိုက်အဝန်းတွေကတော့ ဒီမိုကရက်တွေဘက်ကို အလေးသာနေပါတယ်။ ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ဟာ သမ္မတဟောင်း အိုဘားမားလောက် နိုင်ငံတဝှမ်းက စပိန်အနွယ်တွေအပေါ် လွှမ်းမိုးမှု မရှိဘူးဆိုတဲ့ ဒီမိုကရက်တွေရဲ့ စိုးရိမ်မှုကို လျော့နည်းစေဖို့  အောက်တိုဘာလ ၂၉ ရက်က ဖလော်ရီဒါမှာ မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ပါတယ်။  မဲဆွယ်ပွဲအတွင်း ဘိုင်ဒင်က ထရမ့်ရဲ့ မဲဆွယ်ပွဲတွေဟာာ ကိုရိုနာဗိုင်းရပ်စ်ထက် ပိုပြီး ပျံ့နှံ့နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။  သမ္မတ ရွေးချယ်တင်မြှောက်မယ့်မဲ ၂၉ မဲ ရှိတဲ့  ဖလော်ရီဒါဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအတွက် အရေးပါလှပါတယ်။ ၂၀၁၆ တုန်းက ထရမ့်ရဲ့  ဖလော်ရီဒါ အောင်ပွဲဟာ သူ့ကို ရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ အနိုင်ရစေခဲ့တယ်လို့ ရိုက်တာက သုံးသပ်တင်ပြထားပါတယ်။ 
3 months Ago
Up