ထရပ်ကား

A d v e r t i s e m e n t With Us

April 30, 2020

အလောင်းများထည့်ထားသည့် ထရပ်ကားများကို နယူးယောက်တွင် တွေ့ရှိ 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဧပြီ ၂၉  ရက်က အအေးခန်းလွှတ်မထားတဲ့ ထရပ်ကားတွေထဲက ဒါဇင်ချီတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။  အနီးဝန်းကျင် အိမ်နီးချင်းတွေက ကားထဲက ပုပ်နံ့ထွက်တယ်ဆိုပြီး  တိုင်ကြားရာကနေ  အလောင်းတွေကို တွေ့ရှိတာဖြစ်တယ်လို့ နယူးယောက်မီဒီယာက ဖော်ပြပါတယ်။  မျက်မြင်တွေက U-Haul  ဗင်ကားထဲမှာ ရုပ်အလောင်းတွေကိုတွေ့ခဲ့ပြီး  ဈာပနဝန်ဆောင်မှု ရုံး အပြင်ဘက်မှာ ဗင်ကားနှစ်စီးနဲ့ ထရပ်ကားတစ်စီးကို ရပ်ထားတယ်လို့ ပြောပါတယ်။ ထရပ်ကားတွေက အအေးပေးစနစ် အလုပ်မလုပ်တော့ဘူးလို့ အန်ဒရူးတီကလပ်လေ ဈာပနလုပ်ငန်းပိုင်ရှင် ပြောဆိုပြီးနောက် အေဘီစီသတင်းက  ကားတွေထဲမှာ အလောင်း ၁၀၀ လောက်ထားရှိတယ်လို့လည်း  ဆိုပါတယ်။ ဒီအလောင်းတွေ ဗင်ကားတွေထဲမှာရှိနေတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ မသိရတဲ့အပြင် COVID-19 ကြောင့် သေဆုံးသူတွေ ပါသလားဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။  ဒီကိစ္စနဲ့ပတ်သက်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောကြားဖို့ ငြင်းဆန်သလို ကျန်းမာရေး ဌာနကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။  နယူးယောက်မြို့ဟာ COVID-19 ဗဟိုချက်မ ဖြစ်နေတာကြောင့် ဈာပန ဝန်ဆောင်မှု လုပ်ငန်းတွေဟာ မနိုင်မနင်း ဖြစ်နေပါတယ်။  သေဆုံးသွားတဲ့ အလောင်းတွေ မြှုပ်နှံဖို့ ဒါမှမဟုတ် မီးသင်္ဂြိုဟ်ဖို့ ဈာပနလုပ်ငန်းတွေဟာ အလုပ်ကြွေးတွေ ပိနေတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
10 months Ago

March 28, 2020

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆိုင်ကယ်နှင့် ထရပ်ကားတိုက်မိ၊ ၂ ဦး သေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၃၇/၅ နဲ့ ၆ အကြား ဝမ်းတွင်းမြို့နယ် ရွာရှည်ရွာအနီးမှာ မတ်လ ၂၇ ရက်နေ့က ဆိုင်ကယ်နဲ့ ထရပ်ကားတိုက်မိတာကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ ရွှေတောင်ရွာ ရဲစခန်းစခန်းမှူး ရဲအုပ်ယဉ်ထွေးက  ပြောပါတယ်။ “ရွာရှည်ရွာက ထမင်းဆိုင်အနီးမှာ ဖြစ်သွားတာပါ။ ဆိုင်ကယ်စီးလာသူ ၂ ဦးလုံး ဦးထုပ်မပါပါဘူး။ ဦးခေါင်းနဲ့ မျက်နှာတွေမှာ ဒဏ်ရာရကုန်တယ်၊ ဝမ်းတွင်းဆေးရုံမှာပဲ ၂ ဦးလုံး သေဆုံးသွားတယ်။” ယာဉ်တိုက်မှုကြောင့် ဝမ်းတွင်းဆေးရုံမှာ သေဆုံးသွားသူ ၂ ဦးကတော့ ထက်ထက်အောင် နဲ့ ဦးမြင့်အောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံကိုဇော်က “အဲဒီနားလေးက ခဏခဏ ဖြစ်တတ်တယ် သတိပေး ဆိုင်းဘုတ်လေး ထားပေးရင်ကောင်းမယ်။ ကားကြီးတွေ ရပ်နားတဲ့နေရာဆိုတော့ ဖြတ်သွားဖြတ်လာတွေ ရှိတယ် သတိထားနိုင်မှ ဖြစ်မယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ထရပ်ကားယာဉ်မောင်း ကိုထွန်းနိုင်အား ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ မောင်မောင်လင်း
11 months Ago
Up