ထမင်းဟင်း ချက်

May 14, 2020

ဘန်ကောက်ရှိ ကပ်ရောဂါဘေးခံစားနေရသူများအတွက် ထိုင်းစားဖိုမှူးများ ထမင်းဟင်း ချက်ပေးမည်

အချက်အပြုတ်ပညာရှင်စားဖိုမှူးတွေဟာ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးသင့် ရပ်ကွက်တွေမှာ မေလ ၁၃ ရက်က စပြီး ၁၀ ရက် တိတိ နေ့လယ်စာ ထမင်းဘူး အရေအတွက် ၄၀၀၀၀ လောက်ကို ချက်ပေး သွားဖို့ရှိနေပါတယ်။ ဒီအစဉ်အစဉ်အတွက် ဒေသခံ ပရဟိတအသင်း Chef Hugs က စားဖိုမှူး အယောက် ၂၀၀ နဲ့ အငှားယာဉ်မောင်း ဒါဇင်ချီ ငှားရမ်းထားပါတယ်။  ကပ်ဘေးကာလမှာ ထိုင်နိုင်ငံက စားဖိုမှူးတွေဟာလည်း လောလောဆယ်မှာ အင်မတန် နည်းတဲ့ ဝင်ငွေနဲ့ ရပ်တည်နေရတာဖြစ်ပြီး တချို့ စားဖိုမှူးတွေက ထိုင်းနိုင်ငံအနှံ့က နာမည်ကြီး စားသောက်ဆိုင်တွေက စားဖိုမှူး တွေပါ။  “ကျနော်တို့မှာ အခု အလုပ်မရှိဘူး။ ဒုက္ခရောက်နေပေမယ့် ကျနော်ထက် အများကြီး ပိုဆိုးတဲ့ အခြေအနေ ရောက်နေတဲ့ လူတွေ ရှိတယ်ဆိုတာသိတယ်။ ဒါကြောင့် သူတို့အတွက် ဒါကို လုပ်ပေးချင်တယ်” လို့ စားဖိုမှူး တယောက်က ပြောပါတယ်။  ဒီစီမံကိန်းမှာပါတဲ့ စားဖိုမှူး အားလုံး တရက်ကို ဘတ်ငွေ ၄၀၀  ရပြီး အငှားယာဉ်မောင်းတွေ ကတော့ စားစရာတွေကို ဘန်ကောက်ရှိ ဝင်ငွေနိမ့်ရပ်ကွက် ၅၀ ကို စားစရာတွေ သယ်ပို့ပေးဖို့ တရက် ဘတ်၃၀၀ ရပါတယ်။  တရက်ကို ထမင်းဘူး ၄၀၀၀ နှုန်းနဲ့ ၁၀ ရက် ကို ထမင်းဘူးပေါင်း ၄၀၀၀၀ လောက်  ဝေမျှ သွားဖို့ စားဖိုမှူးတွေက ရည်မှန်းထားပါတယ်။  ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံ ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံ ရတဲ့ နိုင်ငံပါ။ မေလ ၁၃ ရက်ကတော့ ၂လ အတွင်း ပထမဆုံး အနေနဲ့ ကူးစက်ခံ လူနာသစ် မတွေ့ခဲ့ပါဘူး။ ထိုင်းအစိုးရကတော့ စီးပွားရေး လုပ်ငန်းတွေ အပေါ် ကန့်သတ်မှုတွေ ပိုဖြေလျှော့ ပေးဖို့ စဉ်းစားနေပါတယ်။ လာမယ့် သီတင်းပတ်မှာ ကုန်တိုက်တွေ ပြန်ဖွင့်ဖို့လည်း စဉ်းစားနေပြီး မေလ ၁၅ ရက်မှာတော့ ကန့်သတ်ချက်ဖြေလျှော့ရေး လုပ်ဆောင်ချက်တွေကို စဉ်းစားဖို့ အစည်းအဝေး ကျင်းပဖို့ မျှော်လင့် ထားပါတယ်။ 
11 months Ago
Up