ထဘီအလံထူအမျိုးသမီးစစ်ကြောင်း

March 8, 2021

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် ထဘီအလံထူအမျိုးသမီးစစ်ကြောင်းများ (ဓာတ်ပုံ)

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြန်မာပြည်ဒေသအနှံ့အပြားမှာ အမျိုးသမီးတွေက ထဘီအလံထူစစ်ကြောင်းတွေနဲ့ ချီတက် လှည့်လည် သပိတ်မှောက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျန်တော်လှန်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမှာ စစ်အာဏာရှင်ကို တော်လှန်တဲ့ ထဘီအလံထူစစ်ကြောင်း ဖြိုခွင်းခံရပေမဲ့ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။

သပိတ်စစ်ကြောင်းကို အမျိုးသမီးတွေက ဦးဆောင်ပြီး ထဘီတွေကို အလံကဲ့သို့ လွှင့်ချီတက်ခဲ့ကြရာမှာ အမျိုးသားတွေကလည်း ဝန်းရံ လိုက်ပါပေးခဲ့ကြပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ အမျိုးသမီးတွေ ထဘီအလံထူ စစ်ကြောင်းချီတက်ခဲ့သလို တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း အမျိုးသမီး အင်အား ၃၀၀ လောက် ထဘီအလံထူစစ်ကြောင်း ချီတက်ခဲ့တယ်လို့ သိရပါတယ်။

ထဘီအလံထူပြီးဆန္ဒပြကြတာဟာ ကျားမခွဲခြားလိုခြင်းမဟုတ်ဘဲ ဗေဒင်ယတြာနဲ့ ရှေးအယူအဆတွေကို  လက်ခံယုံကြည်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကို  စိတ်ဓာတ်ရေးရာ ထိခိုက်စေဖို့ ထဘီအလံထူဆန္ဒပြရတာလို့သိရပါတယ်။

စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး ဆန္ဒပြနေတဲ့ ပြည်သူတွေရဲ့ အသက်လုံခြုံမှုကို အကာအကွယ်ပေးဖို့အတွက်  စစ်အုပ်စုအပေါ်တိကျခိုင်မာပြီး ကြီးလေးတဲ့ အပြစ်ပေး အရေးယူဆောင်ရွက်ချက်တွေ ချက်ချင်းချမှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB ကတောင်းဆိုထားပါတယ်။ 

Photo - Ye Naung -MPA/ DVB/WLB

2 years Ago
Up