ထပ်ဆောင်းခွန်

December 2, 2018

ထပ်ဆောင်းခွန် ကောက်ခံမှု ရပ်နားရေး တရုတ်နှင့်အမေရိကန် သဘောတူ

တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ နောက်ထပ် ထပ်ဆောင်းခွန် ကောက်ခံမှုကို ရပ်နားရေး ဒီဇင်ဘာ ၁ ရက်က သဘောတူလိုက်ကြပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အာဂျင်တီးနားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးအပြီးမှာ ခုလို သဘောတူလိုက်တာပါ။ ရက် ၉၀ အတွင်း သဘောတူညီချက်ရရေး ပန်းတိုင်အတွက် ကုန်သွယ်ရေးဆိုင်ရာ ညှိုနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့လည်း အိမ်ဖြူတော်က စနေနေ့မှာ ကြေညာပါတယ်။ နဂိုက ကြေညာထားတဲ့အတိုင်း ဇန်နဝါရီ ၁ ရက်နေ့မှာ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ဘီလျံ ၂ဝဝ ဖိုး အပေါ် ထပ်ဆောင်းခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံတာ မလုပ်ဖို့ကိုလည်း ထရမ့်က သဘောတူခဲ့ပါတယ်။ တရုတ်အစိုးရဟာ စိုက်ပျိုးရေး စွမ်းအင်စက်မှုနဲ့ တခြား ထုတ်ကုန်တွေကို ဘယ်ရွေ့ ဘယ်မျှ မဖော်ပြတဲ့ ပမာဏအထိ အမေရိကန်ဆီကနေ ဝယ်ဖို့ သဘောတူခဲ့တယ်လို့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီသဘောတူညီချက်ကို တရုတ်မြို့တော် ပေကျင်း မြို့ခံတွေက သံသယ ရှိနေပြီး အမေရိကန် သမ္မတကို မယုံဘူးလို့ ပြောပါတယ်။ အမေရိကန် ကုမ္ပဏီတွေနဲ့ စားသုံးသူတွေဟာ ဈေးကြီးပေးပြီး အမေရိကန်က တရုတ်အပေါ် ထပ်ဆောင်းခွန်ကောက်တဲ့ ကုန်ကျစရိတ်တွေရဲ့ အစိတ်အပိုင်းတွေကို မျှခံနေရတာပါ။ ကုမ္ပဏီတွေ အများအပြားဟာ တရုတ်ကနေ သွင်းကုန်တွေအပေါ် ဈေးတင်ခဲ့ကြပါတယ်။
2 years Ago

July 11, 2018

ဒေါ်လာဘီလျံ ၂၀၀ ဖိုးရှိ တရုတ်ကုန်စည်များကို ထပ်ဆောင်းခွန်ကောက်ရန် အမေရိကန် ဆုံးဖြတ်

အမေရိကန် အစိုးရဟာ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲအတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ဖိုးရှိတဲ့ နောက်ထပ် ကုန်စည်တွေကို စက်တင်ဘာလကစပြီး ထပ်ဆောင်းခွန်ကောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ တနိုင်ငံရဲ့ကုန်စည်ကို တနိုင်ငံက အမေရိကန်ဒေါ်လာ ၃၄ ဘီလျံဖိုး ထပ်ဆောင်းခွန်ကောက်ဖို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာ ခုလို ထပ်ပြီး ဆုံးဖြတ်လိုက်တာပါ။ တကယ်လို့ တရုတ်က လက်စားချေမယ်ဆိုရင် နောက်ထပ် ထပ်ဆောင်းခွန်တွေ ထပ်ပြီး ချမှတ်ဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားပါတယ်။ ထပ်ဆောင်းခွန်ကောက်မယ့် စားသောက်ကုန်တွေ၊ တွင်းထွက်တွေနဲ့ လူသုံးကုန်တွေ အပါအဝင် ပစ္စည်းအမယ်ပေါင်း ၆၀၀၀ ကျော်ရဲ့ စာရင်းကိုလည်း အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ၁၀ ရာခိုင်နှုန်း ထပ်ဆောင်းခွန်သစ်ကို မချမှတ်ခင် ပြည်သူတွေက စာရင်းကို မှတ်ချက်ပေးဖို့ သြဂုတ်လကုန်ထိ အချိန်ရမှာပါ။ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၂ နိုင်ငံကြားက ကုန်သွယ်ရေးတင်းမာမှု တိုးလာနေလို့ အာရှစတော့ဈေးကွက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ဟောင်ကောင် ဟန်းဆန်းညွှန်းကိန်းက ၂ ရာခိုင်နှုန်းကျပြီး ရှန်ဟိုင်းညွှန်းကိန်းက ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ ဂျပန်ရဲ့ နစ်ခေး ၂၂၅ ညွှန်းကိန်းကတော့ ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
3 years Ago
Up