ထပ်မံသေဆုံး

July 29, 2017

ဆေးစွဲ​မိဘကြောင့် အာဟာရပြတ်​​နေသည့် က​လေး ၄ ဦးထဲက ၁ ဦး ထပ်မံသေဆုံး

ဆေးစွဲနေတဲ့ မိဘာကြေင့် အာဟာရပြတ်လတ်လို့ ထွက်ပြေးလာတဲ့ ကလေးငယ် ၄ ဦးထဲက ၂ နှစ် သမီးလေး ဒီနေ့မနက်မှာ ထပ်မံသေဆုံးသွားပါတယ်။ အဆိုပါကလေးတွေဟာ မိုးမိတ်နဲ့ ၂၈ မိုင်လောက်ဝေးတဲ့ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်လုံးကြီးရွာက ကလေးတွေဖြစ်ပြီး နေထိုင်မကောင်းဖြစ်ကြရာမှာ အသက် ၁၂ နှစ်ရွယ် သမီးအကြီးဆုံးက သူရဲ့ မောင်နဲ့ညီမငယ် ၃ ဦးကို ခေါ်ပြီး   ၂၃ ရက်နေ့က မိုးမိတ်ဆေးရုံကို ရောက်ရှိခဲ့ပါတယ်။ ဆေးရုံကို ရောက်ရှိပြီးနောက်တရက် ဇူလိုင် ၂၄ ရက်နေ့မှာပဲ အသက် ၅ နှစ်အရွယ် မောင်လေးက သေဆုံးသွားခဲ့ပါတယ်။ အသက် ၂ နှစ်အရွယ် ညီမငယ်လေးရဲ့အခြေအနေ ပိုဆိုးလာလို့ မိုးမိတ်ဆေးရုံကနေ မိုးကုတ်ဆေးရုံကို မနေ့က လွှဲပြောင်းကုသရာမှာ ဒီကနေ့မနက်ပိုင်းမှာပဲ ၂ နှစ်အရွယ် ညီမငယ်လေး သေဆုံးသွားတာလို့ ကလေးတွေကို သွားရောက်ကြည့်ရှုကူညီပေးခဲ့သူ မိုးမိတ်ဒေသခံ ကိုထွန်းထွန်းက ပြောပါတယ်။ “၂ နှစ်သားအရွယ် မိန်းကလေးပေါ့။ မိုးကုတ်ပြည်သူ့ဆေးရုံမှာ ၈ နာရီခွဲလောက်က ဆုံးသွားတယ်ဗျာ။ မိုးမိတ်ဆေးရုံကို သူတို့လာတာက ၄ ယောက်ပေါ့။ ၁၂ နှစ်အရွယ် အမကြီး ကနေပြီးတော့ သူ့ရဲ့ အာဟာရပြတ်နေတဲ့ မောင်နှမ သုံးယောက်ကို သူကိုယ်တိုင် ခေါ်လာခဲ့တာပေါ့။ မိုးမိတ်ဆေးရုံမှာ တယောက် သေသွားတာပေါ့၊ ၂၄ ရက်နေ့မှာ။ အဲဒါနဲ့မှ မနေ့က မိုးမိတ်ဆေးရုံကနေ မိုးကုတ်ဆေးရုံကို ဆေးရုံလွှဲပြောင်းပြီးမှ ဆေးကုသတာပေါ။ ကုသတဲ့အချိန်မှာ ဒီနေ့မနက် ၂ နှစ်သားအရွယ် မိန်းကလေးက ထပ်ဆုံးသွားတာပေါ့။ အခုက မွေးကင်းစအရွယ် ရက် ၂၀ ကလေးပဲ ကျန်တော့တာပေါ့နော်။” လတ်တလောမှာတော့ အသက် ၁၂ အရွယ်အစ်မဖြစ်သူက ရက် ၂၀ သား ရှိသေးတဲ့ ကလေးကို ပြုစုနေရပါတယ်။ ဒီမနက် သေဆုံးသွာတဲ့ ၂ နှစ်အရွယ် ကလေးကိုတော့ မိုးမိတ်က အရပ်ဘက်ပရဟိတ အဖွဲ့ အစည်းတွေကပဲဦးဆောင်ပြီး မိုးကုတ်က မြတ်စေတနာ နာရေးကူညီမှုအအသင်းကနေ အခမဲ့ ကူညီပြီး မီးသဂြိုလ်ပေးခဲ့တယ်လို့လည်း ကိုထွန်းထွန်းက ပြောပါတယ်။ ကလေးတွေဟာ အိမ်မှာနေတုန်းကလည်း ထမင်းနပ်မှန်အောင်မစားရကြောင်း၊ အိမ်နီးချင်းနဲ့ ဆွေမျိုးနီးစပ်ကပေးကမ်းတာနဲ့ပဲ စားနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရတဲ့အတွက် အဓိက အာဟာရချို့တဲ့ကာ နောက်ဆက်တွဲ ကျန်းမာရေးတွေပါ ချို့တဲ့လာတာလို့ ကိုထွန်းထွန်းက ပြောပါတယ်။ အခုသေဆုံးသွားတဲ့  ၂ နှစ်အရွယ် သမီးလေးမှာတော့ အာဟာရ ချို့တဲ့တာအပြင် အဆုပ်နဲ့ ပတ်သက်တဲ့ ရောဂါခံစားခဲ့ရကြောင်းလည်း ဆေးရုံဆရာဝန်က သုံးသပ်ပြောဆိုတယ်လို့ ဆိုပါတယ်။
4 years Ago
Up